ဂျာမနီက mpox ကာကွယ်ဆေး အလုံး ၁၀၀,၀၀၀ အာဖရိကကိုလှူဒါန်းမည်

0
183

ဘာလင်၊ဩဂုတ် ၂၆

ဂျာမနီသည် အာဖရိကတိုက်၌ mpox ဖြစ်ပွားမှုကို အချိန်တိုအတွင်းထိန်းချုပ်နိုင်ရန်နှင့် ထိခိုက်ခံစားရသည့် နိုင်ငံများကို ကူညီထောက်ပံ့ပေးရန်အတွက် ၎င်း၏ စစ်ဘက်ဆိုင်ရာအသုံးစရိတ်များမှ mpox ကာကွယ်ဆေး ၁၀၀,၀၀၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဂျာမနီအစိုးရက mpox ကိုတိုက်ဖျက်ရန် အမျိုးမျိုးသော နည်းလမ်းများဖြင့်လိုအပ်သောကြေးအရင်းအမြစ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ထောက်ပံ့ပေးမည့်အပြင် GAVI ကာကွယ်ဆေးမဟာမိတ်မှတစ်ဆင့်လည်း အာဖရိကရှိ ၎င်း၏မဟာမိတ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း လည်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဂျာမနီ၌ Jynneos အမည်ရှိ mpox ကာကွယ်ဆေး ၁၁၇,၀၀၀ ရှိသဖြင့် အဆိုပါပမာဏသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများအတွက်လုံလောက်ပြီး ကာကွယ်ဆေးထပ်မံစီစဉ်ရန်မှာမူ သီးခြားဆုံးဖြတ်ချက်တစ်ခုထပ်လုပ်ရဦးမည်ဖြစ်ကြောင်းလည်းကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အာဖရိကရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင်ဖြစ်ပွားနေသည့် mpox ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေငြာခဲ့ပြီး အိမ်နီးနားချင်းနိုင်ငံများသို့ပါ ဗိုင်းရပ်စ်ပိုးပုံစံအသစ် clade 1b အနေနှင့် ကူးစက်မှုအရှိန်မြင့်လာခြင်းနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့သည်။

ဂျာမနီအစိုးရအနေဖြင့် ကာကွယ်ဆေးထောက်ပံ့ရာ၌ အဓိကအားဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသာမက ဘူရွန်ဒီနှင့် အရှေ့အာဖရိကရှိ အိမ်နီးချင်းနိုင်ငံများသို့ပါ ကာကွယ်ဆေးများအမြန်ဆုံးရရှိရန် စီစဉ်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အင်န်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here