တရုတ်က တောင်တရုတ်ပင်လယ်၌ ရန်လိုနေဟု ဖိလစ်ပိုင်အစိုးရပြောဆို

0
331

မနီလာ၊ဩဂုတ် ၂၆

ပြီးခဲ့သည့်သီတင်းပတ်အတွင်း လေကြောင်းနှင့် ပင်လယ်ပြင်၌ ထိတွေ့မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ရန်လိုနေပြီး ပရော်ဖက်ရှင်နယ်မကျဘဲ တရားမဝင်လုပ်ရပ်များကို လုပ်‌ဆောင်နေသည်ဟု ဖိလစ်ပိုင်အစိုးရကပြစ်တင်ရှုံ့ချခဲ့သည်။

Scarborough ကမ်းရိုးတန်းနှင့် Subi သန္တာကျောက်တန်းများပေါ်၌ ကင်းလှည့်နေသည့် အရပ်ဘက်လေယာဉ်တစ်စီးကို တရုတ်လေယာဉ်များက အန္တရာယ်မကင်းသည့် လေ့ကျင့်မှုများ ကို ပြုလုပ်ကာ နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံတော် ရေကြောင်းကောင်စီကပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ကလည်း Sabina ကမ်းရိုးတန်းရှိ ဖိလစ်ပိုင်ငါးဖမ်းသမားများကို ရိက္ခာထောက်ပံ့ရေးမစ်ရှင်လုပ်နေစဉ် အစိုးရငါးဖမ်းသင်္ဘောတစ်စင်းကို တရုတ်သင်္ဘောများက ပိတ်ဆို့ကာ ရေအမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ရပ်များသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်းလည်းရေကြောင်းကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလိုတွေဆက်လုပ်နေမယ်ဆိုရင် ဒေသတွင်းတင်းမာမှုတွေလျော့ကျအောင် ဆွေးနွေးညှိနှိုင်းပြီး အဆင်ပြေအောင်ဆောင်ရွက်မယ်ဆိုတဲ့ တရုတ်ရဲ့ကတိကဝတ်တွေက မေးခွန်းထုတ်စရာဖြစ်လာပါပြီ” ဟုလည်းဆိုခဲ့သည်။

ဖိလစ်ပိုင်အနေဖြင့်မူ ရေကြောင်းပြဿနာများကို စီမံခန့်ခွဲရာ၌ သံတမန်ရေးအရသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အရေးဆိုင်ရာကိစ္စများတွင် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသို့သာ ပြန်သွားရန်လည်း တရုတ်နိုင်ငံကိုတိုက်တွန်းခဲ့ကြောင်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here