ဗန်းမော်မြို့အနီး တိုက်ပွဲများဆက်လက်
ဖြစ်ပွားနေ

0
188

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မိုးမောက်အကြားတွင် တပ်မတော်စစ်ကြောင်းနှင့် KIA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွား‌နေသည့် နေရာများမှာ ၅ မိုင် စီးအင်းကျေးရွာနှင့် ၆ မိုင်အနီးတစ်ဝိုက်တွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး၊ မံစီနှင့် ဗန်းမော်မြို့ကြားရှိ ကောင်ဂျာယန်ကျေးရွာတွင်လည်း တပ်မတော်စစ်ကြောင်း နှင့် KIA လက်နက်ကိုင်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ ဗန်းမော်မြို့ အခြေအနေမှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အပြင် မြို့တွင်းဝင်ထွက်မှုကိုလည်း ပိတ်ထားသည်ဟု သိရှိရပြီး၊ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေခြင်းကြောင့် ပေါ်ပြူလာနယူးစ်အနေဖြင့် မြေပြင်အခြေအနေအသေး စိတ်ကို ရရှိနိုင်ရန် ခက်ခဲနေသည်။

” ဗန်းမော်လမ်းပိုင်းကို ပိတ်ထားတာ တစ်ပတ်လောက်ရှိပြီ။ တိုက်ပွဲတွေဖြစ်နေလို့ပိတ်ထားတာ။ ဘယ်ရက်ပြန်ဖွင့်မယ်ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု မန္တလေး-ဗန်းမော်ပြေးဆွဲနေသည့် ယာဉ်လိုင်းများထံက သိရသည်။

ထို့အပြင် ဗန်းမော်-မန္တလေး ၊မန္တလေး -ဗန်းမော် လေကြောင်းလိုင်းများကိုလည်း ယခုလ သြဂုတ်(၂၁)ရက်နေ့မှစတင်ကာ
ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

“မနေ့ကတော့ ဗန်းမော်နဲ့ ဖုန်းတစ်ချက်ရလိုက်တယ်။ တစ်ခါရဖို့ တစ်နာရီလောက် ခေါ်ရတယ်။ ဝင်ချင်လည်းဝင်သွားတယ်မဝင်ချင်လည်းမဝင်ဘူး။ ဖုန်းလိုင်းတွေပြတ်နေတာ။” ဟု ဗန်းမော်မြို့ ရှိ မိသားစုထံ ဖုန်းခေါ်ဆိုမှုအခြေအနေအပေါ် မန္တလေးရောက် ဒေသခံ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

တပ်မတော်အနေဖြင့် ဗန်းမော်နှင့် မိုးမောက်အကြားရှိ အမှတ် (၄၃၇) ခြေမြန် တပ်ရင်း ပြန်လည်ရရှိရေအတွက် ဝေဟင်မြေပြင်အသုံးပြုကာ ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်နေ‌ခြင်းဖြစ်သည်။

ပုံစာ – ဗန်းမော်မြို့နှင့် မိုးမောက်အကြား တစ်နေရာအား တွေ့ရစဉ်
(CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here