ထိုင်းက လူသားချင်းစာနာမှု အကူအညီအတွက်မြန်မာကို ဘတ် ၉ သန်းလှူ

0
80

ဗီယန်ကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယန်ပွန်ဆာ ကတိကဝတ်ပြုခဲ့သည့်အတိုင်း မြန်မာ့အရေးအတွက် လူသားချင်းစာနာမှု အကူအညီရန်ပုံငွေသို့ ထိုင်းနိုင်ငံက တနင်္လာနေ့တွင် ဘတ် ၉ သန်း ထပ်မံထည့်ဝင်ခဲ့ကြောင်း သိရသည်။

မြန်မာပြည်သူများကို အကူအညီပေးရန်အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ(AHA Centre) သို့ ထိုင်းအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် Eksiri Pintaruchi က တနင်္လာနေ့တွင် ရန်ပုံငွေ ထည့်ဝင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ မှ ၂၇ အထိ ပြုလုပ်ခဲ့သည့် ဗီယန်ကျင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံက ထည့်ဝင်မည်ဟူသော မစ္စတာ မာရစ်၏ ကတိနှင့်အညီ အဆိုပါ ဘဏ္ဍာရေးအထောက်အပံ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မစ္စ Eksiri က ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် လူသာချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် ၂၀၂၁ ခုနှစ်မှစကာ အ မေရိကန်ဒေါ်လာ ၄၅၀,၀၀၀(ဘတ် ၁၅ ဒသမ ၇၅ သန်း) ကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု သူက ပြောဆိုသည်။ ယင်း ရန်ပုံငွေများကို ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ(ICRC) ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှတဆင့် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ထည့်ဝင်ပေးမှုကြောင့် သွားလာရခက်ခဲသော ဒေသများမှ ပဋိပက္ခဒဏ်ခံစားရသူတွေထံ ပေးပို့မည့် AHA စင်တာအတွက် လူသာချင်းစာနာမှုအကူအညီတွေ တိုးမြင့်လာမည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ပါကြောင်း မစ္စ Eksiri က ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here