မိုးနှောင်းကာလအတွင်း လေဖိအားနည်းရပ်ဝန်း (၃) ကြိမ်ဖြစ်ပေါ်နိုင်

0
243

၂၀၂၄ ခုနှစ်၊ မိုးနှောင်းကာလအတွင်း လေဖိအားနည်းရပ်ဝန်း (၃) ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၄ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၃) ရက်မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ကြောင်း သိရသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ အရပ်ရပ်မှ စက်တင်ဘာလ (၁၅)ရက်မှ (၂၀)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ စက်တင်ဘာလ (၂၁) ရက်မှ (၂၆) ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ စက်တင် ဘာလ (၂၇) ရက်မှ အောက်တိုဘာလ (၂) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ၊ အောက်တိုဘာလ (၃)ရက်မှ (၈) ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေဖိအားနည်းရပ်‌၀န်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှု အ‌ခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့ နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here