ကမ္ဘာပေါ်တွင်အောက်ချင်းငှက်မျိုးစိတ်ပေါင်း (၁၅)မျိုးခန့်ရှိရာ မြန်မာနိုင်ငံတွင် ၁၀မျိုးခန့် တွေ့ရှိ

0
281

ကမ္ဘာပေါ်တွင် အောက်ချင်းငှက်များကို မြန်မာနိုင်ငံသာမက အာဖရိက၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မလေးရှား နိုင်ငံတို့တွင်လည်း တွေ့ရှိနိုင်သည်။

မြန်မာပြည်တွင် အောက်ချင်းငှက်သည် ရှားပါးစွာတွေ့ရသည့် တောရိုင်းတိရစ္ဆာန်များထဲတွင် ပါဝင်ပြီး အများအားဖြင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးရိုးမတောင်တန်းများနှင့် သစ်တောများ ၌ တွေ့ရှိနိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အောက်ချင်းငှက် မျိုးစိတ်ပေါင်း (၁၅) မျိုးခန့်ရှိပြီး မြန်မာနိုင်ငံတွင် အောက်ချင်း၊ အောက်ချင်းလည်နီ၊ လည်ဖြူအောက်ချင်းညို၊ အောက်ချင်းညို၊ အောက်ချင်းမျ က်ကွင်းဖြူ၊ အောက်ချင်းခေါင်းဖြူ၊ အောင်လောင်၊ အောက်ချင်းလည်ဝါ၊ ဂေါရင်၊ အောက်ချင်း မြီးရှည်စသည့် အောက်ချင်းငှက်မျိုး စိတ်ပေါင်း (၁၀) မျိုး ကျက်စားနေထို င်လျက်ရှိပြီး အောက်ချင်း၊ အောင်လောင် နှင့် အောက်ချင်းမြီးရှည်ငှက်အမျိုးအစားမှာ အများဆုံးနေထိုင် ကျက်စားလျက်ရှိကြောင်း သိရသည်။

အောက်ချင်းငှက်မျိုးစိတ်များသည် ချင်းပြည်နယ်အတွင်း နေထိုင်ကျက်စားကြပြီး အောက်ချင်းမြီးရှည် ငှက်မျိုးစိတ်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရကာ အောင်လောင်ငှက်ကိုမူ မြန်မာပြည်နေရာအချို့နှင့် ချင်းပြည်နယ်တို့တွင် အောက်ချင်းငှက် ဟုသာခေါ်ဆိုပြီး အခြားနေရာများတွင် အောင်လောင်ငှက်ဟု ခေါ်ဆိုကြကြောင်း သိရသည်။

အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ စာရင်းတွင်ပါဝင်ပြီး အောက်ချင်းငှက်များ သားပေါက်ရာ ဒေသများဖြစ်သည့် ချင်းပြည် နယ် ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ ၁၂၃၄၄ ဒသမ ၈ ဧကကို မီအေပီတောင် အမျိုးသား ဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် (၁ဝ) ရက်မှ စတင်၍လည်းကောင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ ၂၈ ဧကကို ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ် ၂၀၁၂ ခုနှစ် မတ် (၁၁) ရက်မှ စတင်၍ လည်းကောင်း၊ ထန်တလန် မြို့နယ်အတွင်းရှိ ဧရိယာ ၆၈၀၄ ဒသမ ၅၀ ဧကကို ကျီရီးယန်းတောင်အမျိုးသား ဥ ယျာဉ်အဖြစ် ၂၀၂၂ခုနှစ် ဩဂုတ် (၈)ရက် မှစတင်၍ လည်းကောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်သည်။

ရှားပါးမျိုးစိတ်နှင့် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များဖြစ်သည့် အောက်ချင်း၊ အောင်လောင်၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမဏီငှက်၊ မြန်မာတစ်ငှက်များ၊ အပင်မျိုးစိတ်များ၊ သစ်ခွမျိုးစိတ်များ တည်ရှိရာဒေသတစ်ခုဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်များအတွင်းတည်ရှိသည့် ဝိတိုရိယ (ခေါ်) ခေါနူးစုမ် (ခေါ်) နတ်မတောင် (အကျယ် အဝန်း ၁၇၆၂၀၂ ဧက) ကို ၁၉၆၃ ခုနှစ်တွင် ဘောလီမိုးကြိုးဝိုင်းအဖြစ် လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Important Bird Area (IBA) အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံအမွေအနှစ် အဖြစ်လည်းကောင်း အဆင့်ဆင့်တိုးမြှင့် သတ်မှတ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here