ပွဲကစားနေစဉ် ကွင်းအတွင်း လဲကျခဲ့သည့် ဥရုဂွိုင်းကစားသမား ‌ေ-သဆုံး

0
144

ဥရုဂွိုင်း ဘောလုံးကလပ်အသင်းတစ်ခုဖြစ်သည့် နာစီယွန်နယ် အသင်း၏ အသက် ၂၇ နှစ်အရွယ်ရှိ နောက်ခံလူ ဟွမ် အစ်ကွီ ယေဒိုသည် ပြီးခဲ့သည့် သီတင်းပတ်က ပွဲစဉ်တစ်ခုတွင် ကွင်းတွင်းလဲကျ၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့သော်လည်း အင်္ဂါနေ့(သြဂုတ် ၂၇) တွင် အသက်ဆုံးရှုံးခဲ့ရကြောင်း ကလပ်က ကြေညာခဲ့သည်။

အစ်ကွီ ယေဒိုသည် ကိုပါ လီဘာတာဒိုးစ်ဖလားပွဲအဖြစ် ဘရာဇီးကလပ် ဆော်ပေါ်လိုနှင့် သြဂုတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့စဉ်အတွင်း ကွင်းထဲ လဲကျခဲ့ခြင်းဖြစ်သည်။ သူသည် နှလုံးခုန်မမှန်ခြင်းကြောင့် ယင်းသို့ ဖြစ်ခဲ့ရခြင်းဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင်သူ့ကို ဆေးဝါးကုသမှုများ ပေးခဲ့သည်။

“မိမိတို့၏ ချစ်လှစွာသော ကစားသမား ဟွမွ အစ်ကွီ ယေဒို ကွယ်လွန်၍ အလွန်တရာ စိတ်ထိခိုက် တုန်လှုပ်ရခြင်းများစွာဖြင့် ကလပ် နာစီယွန်နယ်က ကြေညာအပ်ပါသည်” ဟု ကလပ်အသင်းက X လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆော်ပေါ်လိုအသင်းကလည်း သူ‌ေ-သဆုံးခဲ့သည့်သတင်းကို ကြားသိရအပြီးတွင် ဘောလုံးလောကအတွက် ဝမ်းနည်းဖွယ် နေ့တစ်နေ့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Morumbi ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ပွဲကစားချိန် ၈၄ မိနစ်အရောက်တွင် အစ်ကွီ ယေဒိုသည် အခြား ကစားသမားနှင့် ထိခိုက်မိခဲ့ခြင်းမရှိဘဲ ကွင်းအတွင်း လဲကျသွားခဲ့ကာ သတိလစ်သွားခဲ့ခြင်းဖြစ်သည်။

သူ့ကို အရေးပေါ်လူနာတင်ယာဉ်တစ်စီးဖြင့် ကွင်းအတွင်းမှ အမြန်သယ်ထုတ်ကာ အဲလ်ဘတ် အိုင်းစတိုင်းဆေးရုံရှိ အထူးကြပ်မတ်ဆောင်တွင် ဆေးဝါးကုသမှုပေးခဲ့ကြောင်း သိရသည်။

Ref: တိုင်းမ်စ် အောဖ့် အင်းဒီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here