မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသမျှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးပြောကြား

0
118

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဩဂုတ်လ (၂၇) ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ခြင်းကို ဘက်စုံမြှင့်တင်သွားကာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသမျှ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

၎င်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် မြစ်တစ်ခုအတွင်း ရေအတူသောက်သည့် အိမ်နီးချင်းမိတ်ဆွေကောင်းများဖြစ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် စဉ်ဆက်မပြတ်နက်ရှိုင်းလာခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးသည် နှစ်နိုင်ငံအပြန်အလှန်အကျိုး ဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ သယ်ဆောင်လာပေးကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကလည်း တရုတ်နိုင်ငံအ‌နေဖြင့် မြန်မာနိုင်ငံအပေါ် ကာလကြာရှည်စွာကိုယ်ကျိုးမဖက်သော အကူအညီများပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ်အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာအသစ်ကို ဆက်လက်ရေးသားသွားလိုကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here