မြန်မာနိုင်ငံ၏ ၂၀၂၄ ခုနှစ် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက်၍
သန်းခေါင်စာရင်းကောက်ယူမည်

0
295

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် သြဂုတ်(၂၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း‌ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက် မှ (၁၅)ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး အချိန် ၁ လခန့်သာလိုတော့ကြောင်း ပြောကြားသည်။

သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို အောက်တိုဘာလ ၃၀ ရက် ညသန်းခေါင်ယံ သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်၊ မကွေးတိုင်းဒေသကြီးရှိ ကောက်ကွက်ပေါင်း ၉၀၀၀ ကျော်ကို စာရင်းစစ်၊ စာရင်းကောက် ၂၀၀၀ ကျော်ဖြင့် ကောက်ယူရန်လျာထားကြောင်း၊ လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်ဟု သိရသည်။

Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုဖြင့် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေး အသိပညာပေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်ရန်နှင့် စီမံချက်ပါလုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေး ကော်မတီအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here