မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် ရိုးရိုးLED မီးပွိုင့်အသစ်ခြောက်ခုတပ်ဆင်မည်

0
356

မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် ရိုးရိုးLED မီးပွိုင့်အသစ်ခြောက်ခုတပ်ဆင်သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက နိုင်ငံပိုင်သတင်းဌာနသို့ပြောသည်။

တိုးချဲ့တပ်ဆင်မည့်နေရာများမှာ မန္တလေး-မတ္တရာလမ်းနှင့် GTC လမ်းထောင့် (အောင်မြေသာစံမြို့နယ်)၊ လမ်း ၃၀ နှင့် လမ်း ၆၀ ထောင့်(ချမ်းအေးသာစံမြို့နယ်)၊ ၄၁ လမ်းနှင့် ၅၃ လမ်း၊ ၄၁လမ်းနှင့် လမ်း ၆၀ (မဟာအောင်မြေမြို့နယ်)၊ လမ်း ၆၀ နှင့် လမ်း ၁၁၀ (ချမ်းမြသာစည်မြို့နယ်)၊ ၆၂ လမ်းနှင့် ၁၂၅ လမ်း (ပြည်ကြီးတံခွန်မြို့နယ်) တို့ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့်ပေါင်း ၁၂၂ ခုတပ်ဆင်ထားရှိသည်။

ယင်းတွင် ဆိုလာစနစ်သုံးမီးပွိုင့်များလည်း ပါဝင်ကြောင်း သိရသည်။ ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ရိုးရိုးLED မီးပွိုင့်အသစ်ခြောက်ခုကို ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပွိုင့်တစ်ခုလျှင် ငွေကျပ် သိန်း ၃၀၀ ၀န်းကျင်ကုန်ကျမည်ဖြစ်၍ မီးပွိုင့်နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းရာ အချို့သောအစိတ်အပိုင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဆက်စပ်ပစ္စည်းများရောက်ရှိလာပါက အမြန်ဆုံးတပ်ဆင်နိုင်ရန် တိုင်များနှင့် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် ၆၅ ခု၊ Individual Loop Sensor မီးပွိုင့် ၂၅ ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် ၃၂ ခု စုစုပေါင်း ၁၂၂ ခုတပ်ဆင်အသုံးပြုလျက်ရှိသည့်အပြင် မီးပွိုင့်များနှင့် လိုအပ်သောနေရာများ၌ CCTV များတပ်ဆင်ကာ ယာဉ်အသွားအလာများကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here