နည်းပညာ ပြဿနာကြောင့် အိုင်ဒိုဗင်လေဆိပ်တွင် လေယာဉ် အသွားအလာများ ရပ်တန့်

0
249

ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အိုင်တီပိုင်းဆိုင်ရာ ပြဿနာပေါ်ပေါက်ကြောင်း ကြေငြာချက် ထုတ်ပြန်အပြီးတွင် နယ်သာလန်နိုင်ငံ၏ ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်သောအိုင်ဒိုဗင် လေဆိပ်၌ လေယာဉ်အသွားအလာများသည် ဗုဒ္ဓဟူးနေ့၌ ရပ်တန့်ခဲ့ကြောင်း လေဆိပ်က ပြောသည်။

အိုင်ဒိုဗင်လေဆိပ်သည် အိုင်ဒိုဗင် စစ်ဘက်လေဆိပ်၏ အရပ်ဖက် ပူးတွဲအသုံးပြုလေဆိပ်တစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် အဆောက်အအုံကို မျှဝေအသုံးပြုထားခြင်းဖြစ်သည်။

အဆိုပါ ပြဿနာရပ်ကြောင့် လေကြောင်းခရီးစဉ်အားလုံးကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန်ညနေ ၅ နာရီအထိ ရပ်ဆိုင်းထားလိုက်ကြောင်း လေဆိပ်က ပြောသည်။ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၄ ခုခန့် ဖျက်သိမ်းခဲ့ရသည်ဟု အိုင်ဒိုဗင် လေဆိပ်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ဂျာမနီနိုင်ငံ Weeze လေဆိပ်မှ ပျံသန်းလာသော လေယာဉ်သုံးစင်းခန့်သည် လမ်းကြောင်းပြောင်းကာ ဆင်းသက်ခဲ့ရပြီး တစ်စီးသည် အိုင်ဒိုဗင်မှ ၅၆ မိုင်(၉၀ ကီလိုမီတာ) အကွာ လေဆိပ်ငယ်တစ်ခုသို့ ဆင်းသက်ခဲ့သည်။ အခြားတစ်စင်းသည် အမ်စတာဒမ်မြို့ စကစ်ပေါ လေဆိပ်သို့နှင့် ကျန်တစ်စင်းသည် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း သိရသည်။ ယင်းလေဆိပ်များသည် အိုင်ဒိုဗင်လေဆိပ်မှ ၁၂၅ ကီလိုမီတာခန့်စီ အကွာတွင် တည်ရှိသည်။ အခြားလေကြောင်းခရီးစဉ်များလည်း ကြန့်ကြာခဲ့ ကြကြောင်းသိရသည်။

နယ်သာလန်နိုင်ငံရှိ ၎င်း၏ ကွန်ရက်ပေါ်တွင် အမှီပြုနေရသော လေကြောင်းဝန်ဆောင်မှုအားလုံး ထိခိုက်နိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ ကွန်ရက်ပေါ်တွင် လေကြောင်းဝန်ဆောင်မှု အရေအတွက်မည်မျှ အမှီပြုနေသည်ကိုမူ လုံခြုံဘေးကင်းရေးဆိုင်ရာ စိုးရိမ်ရမှုကြောင့်ဆိုကာ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

နယ်သာလန် အရေးပေါ်ဝန်ဆောင်မှုဋ္ဌာနကလည်း နိုင်ငံလုံးဆိုင်ရာ နည်းပညာပြတ်တောက်မှုတွင် ၎င်း၏ ပုံမှန်အချက်ပြမှုနှင့် ဆက်သွယ်ရေးစနစ်များ အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ သို့ရာတွင် အမျိုးသားအရေးပေါ် ဖုန်းလိုင်းများမှာမူ အလုပ်လုပ်နေဆဲဖြစ်သည်ဟု ဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here