မိုးနှောင်းကာလအတွင်း မြစ်ရေများ စိုးရိမ်ရေအမှတ် အထက်ရောက်ရှိနေမည်

0
77

မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အပါအဝင် မြစ် (၁၁) စင်းသည် စိုးရိမ်ရေအမှတ်အထက် တစ်ကြိမ်စီ ကျော်လွန်ရောက်ရှိနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးသည်။

မိုး/ဇလ၏ အသိပေးချက်အရ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ပဲခူးမြစ်သည် ပဲခူး၊ သံလွင်မြစ်ရေသည် ဘားအံမြို့နှင့် သောင်ရင်းမြစ်ရေသည် မြဝတီမြို့၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့၊ တိုးမြစ်သည် မအူပင်မြို့၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တို့၌ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ထိုနည်းတူ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်စီ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တို့တွင် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်သလို မြစ်သာမြစ်ရေသည် ကလေးမြို့၊ ဒုဌဝတီမြစ် ရေသည် မြစ်ငယ်မြို့၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here