ဟူသီအဖွဲ့က မီးလောင်နေသော ရေနံတင်သင်္ဘောထံ ကယ်ဆယ်ရေးအဖွဲ့များ သွားခွင့်ပြု

0
69

ပင်လယ်နီရေပြင်တွင် ပျက်စီးသွားသော ရေနံတင်သင်္ဘောထံသို့ ဆွဲသင်္ဘောများနှင့် ကယ်ဆယ်ရေးသင်္ဘောများ သွားရောက်နိုင်ရေးအတွက် ယီမင်ရှိ ဟူသီအဖွဲ့က သဘောတူခွင့်ပြုခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။ ဂရိနိုင်ငံအလံလွှင့် ယင်းသင်္ဘောကို ပြီးခဲ့သည့်သီတင်းပတ်တွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေနံစိမ်း တန်ချိန် ၁၅၀,၀၀၀ သို့မဟုတ် စည် ၁ သန်း တင်ဆောင်လာသည့် Sounion ရေနံတင်သင်္ဘောသည် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ပြုနိုင်သည်ဟု သင်္ဘောကုမ္ပဏီက ပြောဆိုသည်။ လောင်စာဆီ ယိုဖိတ်မှုဖြစ်လာခဲ့ပါက သမိုင်းတွင် မှတ်တမ်းတင်ဖူးသမျှ သင်္ဘောဆီယိုဖိတ်မှုများအနက် အကြီးမားဆုံး ဖြစ်လာဖွယ်ရှိသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားရာ ရေပြင်သို့ ဆွဲသင်္ဘောများနှင့် ကယ်ဆယ်ရေး သင်္ဘောများ ဝင်ရောက်နိုင်ရေးအတွက် ဟူသီအဖွဲ့ကို ယာယီအပစ်ရပ်ပေးရေး တောင်းဆိုရန် နိုင်ငံများစွာက ထုတ်ဖော်ပြောဆိုသည်ဟု နူးယောခ့်ရှိ ကုလဆိုင်ရာ အီရန်သံအဖွဲ့က ဆိုသည်။

ဟူသီအဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစား၍ ထိုတောင်းဆိုချက်ကို သဘောတူညီခဲ့သည်ဟု အီရန်သံအဖွဲ့က ပြောဆိုခဲ့သည်။

ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဗ္ဗဒူလ်ဆလမ်ကမူ ယာယီ အပစ်ရပ်ထားခြင်းမျိုး မရှိကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းအများအပြား၏ တောင်းဆိုချက်အရ ရေနံတင်သင်္ဘော Sounion ကို ဆွဲယူခွင့်ပြုရန် သဘောတူညီထားခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသို့ ပြောဆိုခဲ့သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here