စစ်ကိုင်းတိုင်း မုံရွာခရိုင်နှင့် အခြားဒေသများ မိုးသည်းထန်၊ မိုးသီးနှံ အပင်ပေါက်စုံချိန်ရွာ၍ ယာသမားများအတွက်အကျိုးထူးနိုင်ဟုဆို

0
69

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့အပါအဝင်မြို့နယ်ကျေးရွာများနှင့်ခရိုင်အတွင်း နေရာအတော်များများတွင် သြဂုတ်လ (၂၉)ရက်၊ နံနက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိကြောင်း သိရသည်။

သြဂုတ်လကုန်ခါနီးအချိန် မိုးသီးနှံ(ယာသီးနှံ)ပဲမျိုးစုံ၊ ဝါ၊နေကြာကို အဓိကစိုက်ထားသည့် အချိန်ဖြစ်သည့်အတွက်ယခုရွာသောမိုးသည် တောင်သူများအတွက် အကျိုးပြုစေကြောင်း မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးစိုးသက်အောင်က ပြောသည်။

“မုံရွာမြို့နယ်ထဲမှာ မိုးစပါးစိုက်တဲ့ သူတွေကတော့ ရေရပြီးသားဖြစ်လို့ မိုးမလိုတော့ပေမယ့် ယာသီနှံသမားတွေအတွက်က မိုးမျှော်နေချိန်ရွာတာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ ဒီအချိန်အထိ မိုးမကျသေးလို့ နောက်ဆုတ် စိုက်ရင်းက အခုအချိန်ရွာရတော့မယ်ဆိုတာ မှန်းပြီးစိုက်ပျိုးကြတော့တာပါ။ အခုထက်နောက်ကျရင်လည်း အဆင်မပြေကြတော့ဘူး။ မိုးသီးနှံယာသမားတွေက မိုးကိုမျှော်လင့်စိုက်ပျိုးထားကြတော့ အပင်ပေါက်စုံချိန်ရွာတော့ အချိန်ကိုက်ဖြစ်သွားတာပေါ့”ဟု ဦးစိုးသက်အောင်က ပြောသည်။

ဩဂုတ်လ (၂၉)ရက် နံနက်ပိုင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေကြောင်းနှင့် မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here