ကျောက်မဲမြို့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ပြန်လည် တိမ်းရှောင်မှုများ ရှိလာ

0
94

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှု (၂)ရက် ဆက်တိုက်ရှိလာခြင်းကြောင့် မြို့နေ ဒေသခံအချို့ ပြန်လည်တိမ်းရှောင်ခြင်းများ ရှိလာကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးထံက သိရသည်။

လေကြောင်းတိုက်ခိုက်မှုရှိလာသည့်အတွက် ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်‌လာသဖြင့် စစ်ဘေးရှောင်စခန်းများနှင့် အခြားမြို့များသို့ တိမ်းရှောင်လာမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ ဩဂုတ် (၂၉)ရက် ည(၁၁)နာရီအချိန်ခန့်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့ည(၁၁)နာရီဝန်းကျင်လောက်ကတော့ လေကြောင်းဗုံးကြောင့် အမှတ် (၁)ရပ်ကွက် ပင်ပေါလေးမှနေအိမ်တစ်ချို့နဲ့ အုတ်ကျင်းရက်ကွက်မှ တို့ဟူးကြော် ကြော်သောနေအိမ် ထိခိုက်မှုရှိပေမယ့် လူထိခိုက်မှုတော့မရှိကြောင်းသိရတယ်”ဟု အဆိုပါ ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ကျောက်မဲမြို့တွင် ယခုလ ဩဂုတ် (၂၇)ရက် ညပိုင်းတွင်လည်း တပ်မတော်ဘက်မှ ဝေဟင်ပစ်ကူအရ လက်နက်ကြီးပစ်ချခဲ့သေးသည်။

ယနေ့ ဩဂုတ်(၃၀)ရက် နံနက်ပိုင်းအချိန်အထိ ကျောက်မဲမြို့တွင် တည်ငြိမ်အေးချမ်းနေပြီး၊ နံနက်ပိုင်း စျေးများဖြစ်ကြသော မင်္ဂလာစျေး၊ အခွန်လွတ်စျေးတို့ ဖွင့်လှစ်ထားသည့်အပြင် ဗဟိုစျေးကြီးမှာလည်း ဆိုင်များဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပုံစာ-ယနေ့ ကျောက်မဲမြို့ ဈေးပတ်ဝန်းကျင်နှင့် မြို့တွင်းမြင်ကွင်းအချို့(CJ)


LEAVE A REPLY

Please enter your comment!
Please enter your name here