သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

0
236

ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် လွှတ်တော်အသီးသီးတွင် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးဖြစ်စေရေးနှင့် သတ်မှတ်ကိုယ်စားလှယ်များရွေးချယ်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ လွှတ်တော်များတွင် သက်ဆိုင်ရာဒေသအလိုက် ပါဝင်သင့်သူများ ပါဝင်မှသာ ကိုယ်စားပြုမှုများမည်ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ ဩဂုတ်(၃၀)ရက် မွန်းလွဲပိုင်းအချိန်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ၂၀၂၀ ပြည့်နှစ် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူကာ မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ရေး၊ စာရင်းဇယားများမှန်ကန်စွာရရှိစေရေး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သည်ကိုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here