မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု တရုတ်ပြော

0
121

TNLA အဖွဲ့ လှုပ်ရှားနေသည့် နယ်မြေများအတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ထားရန် တရုတ်နိုင်ငံ၏ ဩဂုတ် ၂၉ ရက်စွဲဖြင့် သတိပေးစာ ပေးပို့ခဲ့ခြင်း ရှိမရှိအပေါ် မေးမြန်းမှုအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ငြင်းဆိုခဲ့ခြင်းမရှိဘဲ ထိုသို့ပြောကြားထားခြင်း ဖြစ်သည်။

နယ်စပ်ဒေသအနီး TNLA ၏ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် တောင်းဆိုမှုနှင့် တရုတ်၏ သတိပေးစာ ပေးပို့ခဲ့မှုရှိမရှိ AFP သတင်းထောက်၏ မေးမြန်းမှုကို တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟုသာ ပြောခွင့်ရသူ Mr. Lin Jian ကပြန်လည်ဖြေကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေကြောင်းလည်း Mr. Lin Jian ကဆိုသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်သည် မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ထည့်သွင်းဖြေကြားထားသည်။

လူမှုကွန်ယက်တွင်ပျံ့နှံ့နေသည့် သတိပေးစာကို ရွှေလီမြို့လုံခြုံရေးကော်မတီက ပေးပို့ခြင်းဖြစ်ပြီး ထိုစာထဲတွင် “သတိပေးချက်များအတိုင်း မပူးပေါင်းပါက TNLA သည် အကျိူးဆက်များအားလုံးကို တာဝန်ယူရမည်” ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

အထက်ပါ ပျံ့နှံနေသည့် သတိပေးစာနှင့် ပက်သက်၍ ယူနန်၊ပေကျင်းတို့မှ မဟုတ်ဘဲ ယူနန်ပြည်နယ် အနောက်ဘက်ရှိနိုင်ငံတော်အဆင့် မြို့ဖြစ်သော ရွှေလီ မှထုတ်ထားခြင်းကိုတွေ့ရသည်။အစစ်အမှန်ဖြစ်ခြင်းအပေါ် အတည်ပြုနေပြီး ထိုနယ်မြေများအတွင်း ရှိနေသည့် TNLA နှင့် နီးစပ်သူတစ်ဦးကတော့ အထက်ပါစာသည် အတည်ဖြစ်ကြောင်း ပြောထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here