ဒေါ်လာဈေးပြန်လည်ကျဆင်းလာသော်လည်း ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

0
90

ယခုရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေဈေးကွက်၌ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်မှုဈေးနှုန်း ကျဆင်းလာသော်လည်း အခြေခံကုန်ဈေးနှုန်းများအနေဖြင့် အမြင့်ဈေးတွင်သာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းများက ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုများကြောင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများပါ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

“ဒေါ်လာဈေးတွေပြန်ကျပေမယ့် ကုန်ဈေးနှုန်းက ဒီတိုင်းပါပဲ။ ဈေးတက်ရင်သာ ဟိုဟာတက်လို့ ဒီဟာတက်လို့နဲ့ လိုက်တက်ရတာဆိုပြီး ပြောရောင်းကြတာလေ၊ ဖုန်းတွေကအစပဲ” ဟု သာကေတမြို့နယ်က အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်အတွင်း အမေရိကန်ဒေါ်လာသည် သြဂုတ်လ ၉ ရက်နေ့ကစ၍ တစ်ဒေါ်လာလျှင်ကျပ် ၆၀၀၀ အထိမြင့်တက်လာခဲ့ကာ ကျပ် ၈၅၀၀ ကျော်အထိ ပြင်ပဈေးကွက်အတွင်း အထိဆက်လက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာသန်း ၂၀၀ နီးပါး ဈေးကွက်အတွင်း ထုတ်ရောင်းပေးခဲ့ပြီးနောက် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ အောက်သို့ပြန်လည်ကျဆင်းလာခဲ့ကာ သြဂုတ် ၂၆ ရက်၌ ၅၈၀၀၊ ၂၉ရက်နေ့၌ ၅၆၀၀ ပေါက်ဈေးရှိပြီး ပြင်ပဈေးကွက်၌လည်း ၅၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ဒေါ်လာဈေးမြင့်တက်မှုများကြောင့် အခြေခံကုန်ဈေးနှုန်းများသည်လည်း မြင့်တက်ခဲ့ကာ စားဆီတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်မှ ကျပ် နှစ်သောင်းနှစ်ထောင်၊ ကြက်ဥတစ်လုံး ၄၈၀ ၊ ကော်ဖီမစ်တစ်ထုပ် ၅၀၀ အထိခုန်တက်ခဲ့ကာ ပြည်သူများ အလွယ်တကူစားလေ့ရှိသည့် ခေါက်ဆွဲခြောက်တစ်ထုပ် ၁၅၀၀ အထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“အမတို့လည်း ဈေးက ချချင်ပါတယ်။ ပစ္စည်းတွေက ဈေးတက်တဲ့အချိန်ဝယ်ထားတဲ့ ပစ္စည်းတွေ ဖြစ်နေတော့ အဲဒါတွေ လက်ထဲကုန်မှ အမတို့က ဈေးချလို့ရမှာ၊ နှစ်ဦးနှစ်ဖက်က အဲလိုဖြစ်နေတာ” ဟု စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ကုန်ဈေးနှုန်း မြင့်တက်နေမှုအပိုင်းနှင့် ပက်သက်၍ ပေါ်ပြူလာ နယူးကို ပြောသည်။

တဖက်တွင်လည်း အထွေထွေ အကြပ်အတည်းများကြားမှ ရုန်းကန်နေရသော ပြည်သူများသည် အခြေခံလစာမလောက်ငှခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် ပိုမိုကြပ်တည်းလာနေကြသည်။

“ကုန်ဈေးနှုန်းကပဲ တက်လာတာ။ လစာက တက်မလာတော့ အကြွေးယူ လစာရ အကြွေးပြန်ဆပ်။ ဈေးဖိုးမလောက်လို့ အကြွေးထပ်ယူပြန်တော့ အကြွေးတင်တယ်။ အကြွေးပြန်ဆပ်ဖို့ ငွေတိုးချေးတော့ အတိုးကတက်တယ်။ “ ဟု အိမ်ရှင်မတစ်ဦးကလည်း ပေါ်ပြူလာနယူးကိုပြောသည်။

“ဘူဖေးစားသောက်ဆိုင်တစ်ဆိုင်ကိုပုံမှန်ပဲထင်ပြီး မနေ့က လစာထုတ်လို့သွားစားတာ ပြီးခဲ့တဲ့လရဲ့ ဈေးနူန်းကို ၅၀% ထပ်ပေါင်းထားတာ ရှင်းလိုက်ရတယ်၊ ဧပြီလ ဒေါ်လာပေါက်ဈေးနဲ့ ယှဉ်ရင် ဒီနေ့ ဒေါ်လာပေါက်ဈေး က ၃၅% လောက်တက်နေလို့ ပြောလို့ရတယ်”ဟု စားသုံးသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အခြေခံပြည်သူအများစုသည် မနက်စာအဖြစ် စားသုံးကြသော အပြင်စာဝယ်ယူစားသုံးခြင်းကို လျှော့ချနေကြသလို အိမ်၌ပင် မနက်စာကို မဖြစ်ဖြစ်အောင်ဖန်တီးဖြေရှင်းသည့်အကြောင်းကိုလည်း သိရသည်။

“ထမင်းကို ညကတည်းက ပိုချက်လိုက်တယ်။ မနက်ထမင်းကြော်စားတယ်” ဟု တောင်ဥက္ကလာမြို့နေ မိသားစုတစုက ပြောသည်။

ယမန်နေ့ ဩဂုတ် ၃၀ တွင်မူ စက်တင်ဘာ ၁ ရက်မှစတင်၍ လျှပ်စစ်နှုန်းထားခများကို ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသလို ကုန်ဈေးနှုန်းနှင့်အတူ အထွေထွေ အသုံးစရိတ်များပါ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here