သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများမှာ နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းအမွေပေးနိုင်သည့် အချက်အလက်များဖြစ်

0
70

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အထိမ်းအမှတ် စက်တင်ဘာ(၁)ရက်က ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“သန်းခေါင်စာရင်းကရရှိတဲ့ ကိန်းဂဏန်းတွေဟာ ကျွန်တော်တို့အစိုးရလက်ထက်သာမက နောင်အစိုးရ အဆက်ဆက်အထိလည်း လက်ဆင့်ကမ်းအမွေပေးရမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေဖြစ်တယ်လိုလည်းဆိုရမှာဖြစ်ပါတယ်။ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ထုတ် နိုင်ငံအတွင်းနေထိုင်ကြသူ အားလုံးကို လူဦးရေနဲ့ အိမ်အကြောင်းအရာ မေးခွန်းတွေ မေးမြန်းကောက်ယူသွားမှာလည်းဖြစ်ပါတယ်။”ဟု ၄င်း က ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ခုကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာအရေးကြီးဆုံးကတော့ မေးခွန်းတွေကို မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ ဖြေဆိုပေးကြဖို့ လိုအပ်ပြီး မိမိအတွက်၊ မိမိ မိသားစု အတွက်၊ မိမိ သားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး ၁၀ နှစ်စာ စီမံဆောင်ရွက် နိုင်တဲ့အခြေခံအချက်အလက်များ ရရှိစေနိုင်မယ့် အကျိုးရှိတဲ့လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောကြားလိုပါတယ်။”ဟု ဆက်လက်ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော် အနာဂတ်ပြည်သူများ မျှော်လင့်ချက် လိုအပ်ချက်များကို ပုံဖော်ပေးနိုင်ရန် ယခုကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးတွင် မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း သတိပေးလိုပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက် မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ရာ ယခုဆိုလျှင် အချိန်ကာလ တစ်လခန့်သာ လိုတော့ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြောဆိုထားသည်။

သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း တစ်သိန်း တစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူရန် လျာထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here