တရုတ် ရေတပ်သင်္ဘော ဂျပန်ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်

0
295

တရုတ်ရေတပ်သုတေသနသင်္ဘောတစ်စင်းသည် စနေနေ့(သြဂုတ် ၃၁) က ဂျပန်နိုင်ငံ၏ အနောက်တောင်ပိုင်းကျွန်းစု ကမ်းလွန် ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။ ယခုဖြစ်ရပ်မှာ တရုတ်စစ်လေယာဉ်တစ်စင်း ဂျပန်ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ခဲ့ခြင်းကြောင့် တိုကျိုဘက်က အပြင်းအထန် ကန့်ကွက်ခဲ့အပြီး သီတင်းတစ်ပတ် မပြည့်ခင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုဖြစ်ရပ်အတွက် သံတမန်လမ်းကြောင်းကတဆင့် ဂျပန်က တရုတ်ကို ထပ်မံကန့်ကွက်ခဲ့ပြီး လက်ရှိဖြစ်ပေါ်လာသော ပိုင်နက်ဖြတ်ကျော်မှုများနှင့် ပတ်သက်၍ အလွန်အမင်းစိုးရမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။ ယခုတစ်ကြိမ်နှင့်ပါဆိုလျင် ကာဂိုရှီမာ စီရင်စုကမ်းလွန် ဂျပန်ရေပိုင်နက်အတွင်း တရုတ်သုတေသနသင်္ဘော ဝင်ရောက်မှုသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင် ၍ရေတွက်လျှင် ၁၀ ကြိမ်မြောက်ဝင်ရောက်မှု ဖြစ်ကြောင်း သိရသည်။

သုတေသနသင်္ဘောသည် မနက် ၆ နာရီဝန်းကျင်တွင် ကူချီနိုရာဘူကျွန်းအနောက်ဖက် ရေပြင်ပိုင်နက်သို့ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ပြီး မနက် ၀၇း၅၃ နာရီဝန်းကျင်တွင် ယာကူရှီမားကျွန်း အနောက်တောင်ဖက်ရေပြင်မှ ထွက်ခွာသွားခဲ့သည်ဟု ဝန်ကြီးဌာနက ပြောသည်။ ဂျပန်၏ ကိုယ်ပိုင်ခုခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းရှင်းသင်္ဘောတစ်စင်းနှင့် ကင်းလှည့်လေယာဉ်တစ်စင်းစေလွှတ်ကာ တရုတ်သင်္ဘောကို စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

သုတေသနသင်္ဘောများကို ရေငုပ်သင်္ဘောသွားလာမှုဆိုင်ရာ ရေအောက် မြေမျက်နှာသွင်ပြင်အနေအထားကို သုတေသနပြုရန် အသုံးပြုလေ့ရှိသည်။

နာဂါဆာကီ စီရင်စု၏ အနောက်တောင်ဘက်ကျွန်းစုကမ်းလွန်ရှိ အရှေ့တရုတ်ပင်လယ် ဝေဟင်ဂျပန်ပိုင်နက်အတွင်းသို့ တရုတ်ကင်းထောက်လေယာဉ် ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြောင်း တနင်္လာနေ့တွင် ဂျပန်အစိုးရက အတည်ပြုခဲ့ပြီးနောက် ယခုတဖန် ရေပိုင်နက်ကျူးကျော်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
Ref: နစ်ကေး အေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here