ရန်ကုန်ရှိ (၄၄) မြို့နယ်မှစားအုန်းဆီ မှာယူနိုင်

0
292

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်မှ မိသားစုများအနေဖြင့် စားအုန်းဆီကို ဖုန်းဆက်မှာယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှအသိပေးထုတ်ပြန်ထားသည်။

စားအုန်းဆီကို ခရိုင် (၁၄) ခရိုင်မှ မြို့နယ် ၄၄ မြို့နယ်သို့ မိသားစုတစ်စု တစ်လစာ ဝယ်ယူနိုင်ရန်၊ လျင်မြန် လွယ်ကူစွာဖြင့် အိမ်အရောက် ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စု တစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေးကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါမြို့နယ်များတွင် ခရိုင်အလိုက် Call Centre ထားရှိပြီး မှာကြားချက်များကို လက်ခံမှတ်သား သွားမည်ဖြစ်ကာ ယခု စက်တင်ဘာလမှစတင်၍ နံနက် (၉း၀၀)နာရီမှ ညနေ(၄:၀၀) နာရီအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်မပါ) ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စု တစ်စုလျှင် တစ်လအတွက် တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးခြင်းကို ပြီးခဲ့သည့် ဩဂုတ်လတွင် စတင်ခဲ့ရာ မှာကြားသူများပြားသည့်အတွက် စက်တင်ဘာလမှစ၍ အိမ်ထောင်စု တစ်စုလျှင် တစ်လ သုံးပိဿာ နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကနဦးစမ်းသပ်ကာလတွင် တစ်လလျှင် အိမ်ထောင် စု(၃၀ဝဝဝ)နီးပါးကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ရောင်းချရန်စီစဉ်ထားသော်လည်း စိတ်ဝင်စားသူ များပြားခြင်းကြောင့် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးပို့ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

သို့သော် အခြေခံလူတန်းစားအများဆုံး စားသုံးသည့် စားအုန်းဆီသည် ပြင်ပဈေးကွက်တွင်ဝယ်ယူရခက်ခဲနေကြောင်း၊ ယင်းတွင် ရပ်ကွက်အချို့မှ ဆီစာအုပ်များပြုလုပ်ပေးနေပြီး ယခုစက်တင်ဘာလမှစတင်ကာအကောင်အထည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ၏ပြောပြချက်အရသိရသည်။

” စားအုန်းဆီက တော်တော်လေးဝယ်ရခက်တယ်။ မနက်အစောထပြီးတန်းစီရတယ်။ ဆီစာအုပ်နဲ့ ဆီထုတ်ပေးမယ်လို့ ပြောတယ်။ လူကြီးတွေကတော့အချက်အလက်လိုက်ကောက်နေတယ်။ ဆိုင်တိုင်းလည်းဝယ်လို့မရဘူး”ဟု တောင်ဥက္ကလာပတွင်နေထိုင်သည့်အိမ်ရှင်မတစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၌ နှစ်စဥ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး နှစ်စဥ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရ၍ စားသုံးဆီကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်သည့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာသန်း(၆၀၀) ကျော်ဖိုးခန့် တင်သွင်းနေရပြီး နိုင်ငံခြား ငွေသုံးစွဲမှုများပြားနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here