KTV/ CLUB/ BAR နှင့်စားသောက်ဆိုင်များတွင် လူငယ်များအားရောင်းချမည့် ငွေကျပ်သိန်း (၅,၅၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
158

ရှမ်းပြည်နယ်မှ မန္တလေးနှင့် ရန်ကုန်တို့ကို သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချသည့် ငွေကျပ်သိန်း (၅,၅၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်(၂၇) ရက်၊ နံနက် (၉) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ စိုးတင့်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီ အား အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းတွင် ကံထူးတင်သိန်း အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ TOYOTA FIELDER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

၎င်း၏ ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ ယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ် အား တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းရှိ ၎င်း နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့်နှင့် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဩဂုတ်(၂၈) ရက်၊ နံနက်(၁၁)နာရီအချိန် စိတ်ပြောင်းဆေးဝါးများအား လူမဲ့တန်ဆာဖြင့် ပို့ဆောင်ပေးသူ မဝါဝါလွင်(ခ)စန္ဒာအား ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂ ဒသမ ၄၅ ကီလို၊ အက်တက်စီဆေးပြား ၄,၉၀၀ ပြား၊ Happy-5 ဆေးပြား ၃၈၀ ပြား၊ ကက်တမင်း ၉၅၀ ဂရမ်၊ အိုက်စ်(မက်သ်အဖက်တမင်း)၄၇၀ ဂရမ်၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့် ၁ ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here