ရုရှားမှာ ရဟတ်ယာဉ်ပျက်ကျ၊ ယာဉ်ပေါ်ပါသူ ၂၂ ဦးစလုံး သေဆုံး

0
331

ရုရှားနိုင်ငံ အရှေ့ဖျား Kamchatka တွင် လူ ၂၂ ဦးလိုက်ပါခဲ့သော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သည်။ ရှာဖွေရေးသမားများသည် အသက်ရှင်သူ ရှာမတွေ့ခဲ့ကြောင်း နိုင်ငံပိုင် တာစ့် သတင်းဋ္ဌာနက တနင်္ဂနွေနေ့(စက်တင်ဘာ ၁) တွင် သတင်းထုတ်ပြန်သည်။

Mi-8T အမျိုးအစား ရဟတ်ယာဉ်သည် Vachkazhets မီးတောင်အနီး အခြေစိုက်စခန်းမှ ပျံအတက်၌ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။ Kamchatka ကျွန်းဆွယ်သည် မော်စကိုမြို့အရှေ့ဖက် ၇,၁၀၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး သီတင်းပတ်ကုန်ပိုင်းက ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်၍ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ သို့ရာတွင် ယင်း ရာသီဥတု အခြေအနေကြောင့် ရဟတ်ယာဉ် ပျက်ကျခြင်း ဟုတ်မဟုတ် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရဟတ်ယာဉ်များပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသော ရဟတ်ယာဉ်ကို ညတွင်းချင်း ရှာဖွေခဲ့ကြပြီး ရဟတ်ယာဉ်ပျံသန်းမည့်လမ်းကြောင်းဖြစ်သော မြစ်ကြောင်းချိုင့်ဝှမ်းကို အဓိက ရှာဖွေခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

Mi-8 ရဟတ်ယာဉ်များသည် ဆိုဗီယက်ခေတ် စစ်သုံးရဟတ်ယာဉ် အမျိုးအစားများဖြစ်ပြီး ရုရှားတွင် သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြောင်း သိရသည်။

အရေးပေါ် ဌာနမှ သတင်းရင်းမြစ်တစ်ခုက တာစ့်သတင်း ဌာနသို့ ပြောကြားချက်အရ ရဟတ်ယာဉ်သည် ပျံတက်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်းနှင့် ရဟတ်ယာဉ် အမှုထမ်းများထံက ပြဿနာ တစ်စုံတရာ ကြုံရသည့် သတင်းပို့မှုမျိုးလည်း မရှိခဲ့ကြောင်း သိရသည်။
ဒူဘိုင်းအိုင်း ၁၀၃.၈


LEAVE A REPLY

Please enter your comment!
Please enter your name here