ရေဆင်းရေလှောင်တမံတွင် ရေဝင်ရောက်မှု ၇နှစ်အတွင်းအကောင်းဆုံးဖြစ်၍ ယခင်နှစ် ထက်၂ ဆခန့် ပိုစိုက်ပျိုးနိုင်မည်

0
288

၂၀၂၄ ခုနှစ်အတွင်း ရေဆင်းရေလှောင်တမံမှ ရေဝင်ရောက်မှု ပိုမိုကောင်းမွန်သောကြောင့် တမံအတွင်း လက်ရှိသိုလှောင်ထားရှိမှု အခြေအနေအရ ယခင်နှစ် စိုက်ပျိုးမှုထက် (၂ ဒသမ ၅) ဆခန့် တိုးတက် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ရေဆင်းရေလှောင်တမံတွင် ဩဂုတ် (၃၁)ရက်အထိ မိုးရေချိန် (၄၃ဒသမ၈၈) လက်မ ရွာသွန်းခဲ့ပြီး တမံအတွင်း ဧကပေ (၄၉၀၀၀) ခန့်သိုလှောင်ထားရှိကြောင်းနှင့် သိုလှောင်မှုအရ (ရေအနက် ၈၉ ဒသမ ၅၇ ပေ) သိုလှောင်ထားရှိပြီး ကန်ရေပြည့်ရောက်ရန် ၉ ပေ ကျော်သာလိုတော့ကြောင်း သိရသည်။

ယခင်နှစ်ကာလတူ ပမာဏထက် မိုးရေချိန် (၂၀ ဒသမ ၈၃) လက်မ၊ စီးဝင်ရေ (၃၀၀၇၁) ဧကပေ၊ ရေသိုလှောင်မှု (၃၅၀၄၀) ဧကပေ၊ ရေမှတ် အမြင့် (၂၃ ဒသမ ၃၇) ပေ ပိုမိုသိုလှောင်ထားရှိနေသည်။

ရေဆင်းရေလှောင်တမံသည် (၂၀၁၇) ခုနှစ်အတွင်း ကန်ရေပြည့် ရေသိုလှောင်နိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ပုံမှန်ရေဝင်ရောက်မှုသာရှိခဲ့ရာမှ ၇နှစ်ကြာ ယခု (၂၀၂၄) ခုနှစ်အတွင်း ရေဝင်ရောက်မှုများ ပိုမိုကောင်းမွန်မှုရှိကြောင်း သိရသည်။

ရေဆင်းရေလှောင်တမံမှ ယခင်နှစ်သိုလှောင်ရေအရ နွေရာသီတွင် နွေစပါး (၁၅၈၃) ဧကနှင့် နွေသီးနှံ (နှမ်း၊ ပဲတီစိမ်း၊ နေကြာ) (၂၅၈၀) ဧက စိုက်ပျိုးခဲ့ကာ တမံအတွင်း လက်ရှိသိုလှောင်ထားရှိမှု အခြေအနေအရ နွေစပါးဧက (၃၀၀၀) ခန့်နှင့် ဆီထွက်သီးနှံ ဧက(၄၅၀၀) ခန့် စုစုပေါင်းဧက (၇၅၀၀) စိုက်ပျိုးရန်လျာထားစီမံဆောင်ရွက်လျက်ရှိ၍ ယခင်နှစ် စိုက်ပျိုးမှုထက်၂ ဆခန့် တိုးတက်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး မိုးနှောင်းကာလ ရေဝင်ရောက်မှုများ ပိုမိုခဲ့ပါက လက်ရှိမျှော်မှန်းထားသည်ထက် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here