ပြည်ပနှင့်ချိတ်ဆက်ဆောင်ရွက်မှုများလာခြင်းကြောင့် နိုင်ငံခြားငွေလိုအပ်ချက်ရှိလာဟု နစက ဥက္ကဌပြော

0
224

ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက် များပြားနေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့်မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းကဆိုသည်။

ထို့ပြင် ယခင်အစိုးရများအဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့်ပြည်ပချေးငွေများကိုလည်း ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများရရှိရေးအတွက် ပြည်ပရောင်းတန်းဝင်သည့် ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရန်လိုသလို အဆိုပါထုတ်ကုန်များကိုပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပို့ကုန်တိုးမြှင်တင်ပို့နိုင်‌ခဲ့သော်လည်း ပြည်ပမှပြန်လည်တင်သွင်းသည့် သွင်းကုန်များနှင့်ပတ်သက်၍ ကန့်သတ်မှုများရှိနေခြင်းဖြစ်သည်။

ပြည်ပပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောတို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here