AWCLA Fashion Show မှ ရရှိ ရန်ပုံငွေများကို ကင်ဆာဝေဒနာသည်များအား ကူညီပေးနေသည့် American Cancer Society သို့ လှူဒါန်းသွားမည်

0
65

ASEAN Women Circle of Los Angeles (AWCLA) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြန်မာကောင်စစ်ဝန်ချုပ်ရုံးက AWCLA Fashion Show and Cultural Event ကို ဩဂုတ် (၂၄) ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ Monvoria ရှိ Courtyard by Marriott ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကယ်လီဖိုးနီးယားပြည်နယ်၏ 28th District လွှတ်တော်အမတ် The Honorable Dr. Judy Chu က အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ လော့စ်အိန်ဂျယ်လိစ်ကောင်တီ၏ Chief of Protocol Mrs. Lourdes Sabb၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့်ဇနီး၊ မလေးရှားကောင်စစ်ဝန်ချုပ်၊ ထိုင်းကောင်စစ်ဝန်ချုပ်နှင့်ဇနီး ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံး ဒုတိယအကြီးအကဲ၊ ဆွစ်ဇာလန်ဂုဏ်ထူးဆောင် ကောင်စစ်ဝန် နှင့်ဇနီး၊ AWCLA ၏ အမှုဆောင်ကော်မတီဝင်များ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများမှ ဖိတ်ကြားထားသော ဧည့်သည်တော် (၂၅၀)ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် AWCLA ၏ အလှည့်ကျဥက္ကဋ္ဌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်၏ ဇနီး ဒေါ်နှင်းငုဝါ၊ အခမ်းအနားဖြစ်မြောက်ရေး အဓိက ပါဝင်ပံ့ပိုးပေးခဲ့သည့် မြန်မာအသိုင်းအဝိုင်းမှ ဦးတိုနီချန်း၊ လွှတ်တော်အမတ် The Honorable Dr. Judy Chu တို့မှ မိန့်ခွန်းများပြောကြားခဲ့ကြသည်။

The Honorable Dr. Judy Chu မှ AWCLA အား ကွန်ဂရက်လွှတ်တော်၏ အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့ပြီး ၎င်းအခမ်းအနားမှရရှိသည့် ရန်ပုံငွေများကို American Cancer Society သို့ လှူဒါန်းသွားမည်ဖြစ်ရာ American Cancer Society မှ Development Manager Ms. Lisa Erickson က ကင်ဆာဆိုင်ရာ အသိပညာမျှဝေခြင်းနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့်ထိုင်းနိုင်ငံတို့၏ ရိုးရာဖျော်ဖြေတင်ဆက်မှု အစီအစဉ်များနှင့်အတူ မြန်မာနိုင်ငံမှဒီဇိုင်နာမင်းသက်စံ (Sweet & Smart Fashion Collection)၊ ထိုင်းနိုင်ငံမှဒီဇိုင်နာ The Phukaw၊ ဖိလစ်ပိုင် နိုင်ငံမှ ဒီဇိုင်နာ Amiel Noble တို့၏ ဝတ်စုံများကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here