မီတာသုံးစွဲယူနစ်များ နှုန်းထားအသစ်တွင် မပါရှိစေရေး ဓါတ်အားသုံးစွဲသူများ ပူးပေါင်းကူညီပေးရန် ထုတ်ပြန်

0
123

မီတာခတိုးမြှင့်ကောက်ခံရာတွင် ၂၀၂၄ ခုနှစ် သြဂုတ်လမှ မီတာသုံးစွဲယူနစ်များ နှုန်းထားအသစ်တွင် မပါရှိစေရေး စက်တင်ဘာ (၁)ရက်မှ (၅)ရက်အတွင်း မီတာလာရောက်ဖတ်ရှုရာတွင် ဓါတ်အားသုံးစွဲသူများ ပူးပေါင်းကူညီပေးရန် လှိုင်မြို့နယ်လျှပ်စစ်ရုံးမှ ထုတ်ပြန်သည်။

အကြောင်းအမျိုးမျိုးကြောင့်မီတာဖတ်ကာလအတွင်း နေအိမ်တွင်မရှိပါက (၅.၉.၂၀၂၄)ရက်နေ့ မတိုင်မီ မီတာရှိ မီတာပြဂဏန်းအားမြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့လာရောက်အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံပန်ကြားထားသည်။

လျှပ်စစ်ဓါတ်အားခနှုန်းထားများကို စက်တင်ဘာ (၁) ရက်မှစတင်၍ အိမ်သုံးများအတွက် ယခင်အများဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခု ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကြေညာထားသည်။

၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄)၏ သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အိမ်သုံးအမျိုးအစားများအတွက် ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်သည်။

အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံး တစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)အတွက် ၁ မှ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနှစ်နှင့်အထက် ၅၀၀ ကျပ် ပြင်ဆင်သတ်မှတ်လိုက်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here