ပြည်ပသို့ ရော်ဘာတန်ချိန် ၆သောင်းကျော် တင်ပို့မှုမှ ဒေါ်လာ ၈၇ သန်းရရှိထား

0
74

ယခုဘဏ္ဍာနှစ်၏ သုံးလအတွင်း ပြည်ပသို့ရော်ဘာတန်ချိန် ၆၂၀၀၀ ကျော်တင်ပို့ထားပြီး ယင်းမှအမေရိကန်ဒေါ်လာ ၈၇ သန်းရရှိထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းတင်ပို့ရန် မျှော်မှန်းထားသော်လည်း လက်ရှိအနေအထားအရ တင်ပို့မှုလျော့ကျနေကြောင်း သိရသည်။

” ပြောရရင် နယ်စပ်တင်ပို့မှုက‌လုံးဝရပ်နေသလို ဖြစ်နေတယ်။အရင်တုန်းက နယ်စပ်လမ်းကြောင်းကနေ သွားတာများတယ်။ ‌ရေကြောင်းကသွားတာလည်းရှိတယ်။ ဒါပေမယ့်နည်းတယ်။ အခုတော့ ရေလမ်းကြောင်းကနေ အဓိကထားတင်ပို့နေရတယ်။ အဲဒီအခက်အခဲတွေရှိတာပေါ့။ ကုန်သွယ်မှုလမ်းကြောင်းတွေသာကောင်းရင် မျှော်မှန်းထားတဲ့တန်ချိန်က ပြည့်နိုင်တယ်”ဟု မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စသည့် အာရှနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်း တင်ပို့ကြောင်း သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်း ဝန်းကျင်ထွက်ရှိကာ ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ သုံးစွဲလျက်ရှိကြောင်း သိရသည်။                                     

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here