မုန်တိုင်းအရှိန်နှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် တိုင်းနှင့် ပြည်နယ် (၈) ခုတွင် မိုးများလာနိုင်

0
61

တောင်တရုတ်ပင်လယ်ရှိ တိုင်ဖွန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် လာမည့် စက်တင်ဘာ (၈) ရက်နှင့် (၉) ရက်များ၌ တိုင်းနှင့် ပြည်နယ် (၈) ခုတွင် မိုးများလာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်သူ ဆရာ ဝင်းနိုင်က ၎င်း၏ လူမှုကွန်စာမျက်နှာမှ တစ်ဆင့် စက်တင်ဘာ (၃) ရက်က အသိပေးထားသည်။

မိုးများလာနိုင်သည့် တိုင်းနှင့် ပြည်နယ်တို့မှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။

စက်တင်ဘာ (၅) ရက်မှ စတင်၍ စက်တင်ဘာ (၁၄) ရက်ခန့် တစ်နိုင်ငံလုံးဒေသအတော်များများတွင် မိုးစတင်ရွာသွန်းကာ နေရာကွက်၍ မိုးကြီးမှုများ ဖြစ်လာနိုင်သောကြောင့် ရေပြည့်ပြီး ဆည်/တမံများနှင့် စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းပြီးကာစ မြစ်ချောင်းများ၌ မိုးများသည့်အချိန် မြစ်ရေအခြေအနေကို သတိထားစောင့်ကြည့်ကြရန် ၎င်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

အလားတူ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဒေသများတွင်လည်း စက်တင်ဘာ (၇) ရက်မှ စက်တင်ဘာ (၁၄) ရက်အထိ (၇) ရက်ခန့် မိုးများနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကမ်းနီးပင်လယ်ပြင်ရေလုပ်ငန်းလုပ်ကွက်များ၌ ရေပြင်-မြေပြင် လေတိုက်နှုန်း တစ်နာရီ မိုင်(၂၀) မှ မိုင် (၃၀) ကျော်အထိ တိုက်ခတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။

ဓါတ်ပုံ – ဆရာ ဝင်းနိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here