အကြမ်းဖက်အုပ်စုနှင့်ဆက်နွယ်သူများသည် အကြမ်းဖက်အားပေးသူများဖြစ်သည်ဟု ကာချုပ်ဆို

0
165

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ စက်တင်ဘာ(၃)ရက် နံနက်ပိုင်း၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အခြေအနေများ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့အား စက်တင်ဘာ (၂) ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စု အဖြစ်ကြေညာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့နှင့်ဆက်နွယ်သူများသည် အကြမ်းဖက်မှုကို အားပေးနေသူများပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သွားရောက် စစ်ဆေးစဉ် ၎င်းက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးသတင်းများ စဉ်ဆက်မပြတ်ရရှိအောင် သတင်းရယူတည်ဆောက်သွားရန် လိုအပ်သည်ဟု ဆိုသည်။

ယင်းအပြင် အများပြည်သူသုံး လမ်းတံတားများ မထိခိုက် မပျက်စီးစေရေးနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန်လည်း မှာကြားသည်။

အလားတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယခင်ကပင် ငြိမ်းချမ်းရေးရယူခဲ့ပြီး နိုင်ငံတော်၊ တပ်မတော်နှင့်လက်တွဲ၍ ဆောင်ရွက်နေခြင်းကြောင့် ထိုဒေသများအတွင်း အကြမ်းဖက်သမားများကြောင့် နယ်မြေမငြိမ်မသက်မှုမဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောကြားသည်။

ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက ပြည်သူ့လုံခြုံရေးကိုဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကောင်းမွန်သောပြည်သူ့ရေးရာဝန်ဆောင်မှု ဖြစ်စေရန်နှင့်ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုသည်ဟုလည်း မှာကြားခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့်တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here