လက်နက်ကိုင်အဖွဲ့ များအား လိုအပ်သလို တုန့်ပြန်မည့်အတွက် ယင်းတို့ထိန်းချုပ်ရာ နယ်မြေများရှိ ပြည်သူများ အသုံးချခံမဖြစ်စေရေး သတိပြုကြရန် နစက ဥက္ကဋ္ဌ သတိပေး

0
92

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးပြောကြားလိုက်သည်။

ယနေ့ စက်တင်ဘာ (၃) ရက် ၊ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကိုပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်ဒေသများနှင့် နေအိမ် စည်းစိမ်များကို စွန့်ခွာပြီး အခြားဘေးလွတ်ရာဒေသများတွင် ယာယီသွားရောက်ခိုလှုံနေကြရသည်ကိုတွေ့ရကြောင်းလည်း ၎င်းက ပြောကြားသည်။

အဆိုပါ ပြောဆိုချက်များသည် ရှမ်းမြောက်ဒေသရှိ မြို့ရွာများနှင့် တပ်မတော် တပ်စခန်းများ ၊ ဌာနဆိုင်ရာအဆောက်အဦများကို အင်အားသုံးတိုက်ခိုက်သိမ်းပိုက်ထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား ရည်ညွှန်းပြောဆိုသည့် သဘောမျိုး တွေ့ရပြီး တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းတည်ငြိမ် အေးချမ်းမှုများ အမြန်ဆုံးပြန်လည်ရရှိရေးအ တွက် စည်းလုံးသောအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်
အနေဖြင့် ခေတ်အဆက်ဆက်တွင် ထိန်းထိန်းသိမ်းသိမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့သော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးအကြပ်အတည်းများဖြစ်ပေါ်နေမှုကို အခွင့်ကောင်းယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကြုံတွေ့နေရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here