တုကီယေး မှာ အမေရိကန်စစ်သားတွေ တိုက်ခိုက်ခံရ

0
203

တုကီယေး နိုင်ငံ အနောက်ပိုင်းတွင် တနင်္လာနေ့က အမေရိကန် စစ်သားနှစ်ဦးကို အမျိုးသားရေးဝါဒီ တုကီယေးလူငယ်အဖွဲ့တစ်ဖွဲ့က ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သံရုံးနှင့် ဒေသန္တရအုပ်ချုပ်ရေးမှူးရုံးက ပြောဆိုခဲ့ပြီး ဖြစ်စဉ်တွင် တိုက်ခိုက်ခဲ့သူ ၁၅ ဦးကို ဖမ်းဆီးထားသည်ဟု ေပြာသည်။

ကိုနက်ခရိုင်တွင် အရပ်ဝတ် အမေရိကန် စစ်သားနှစ်ဦးကို အတိုက်အခံ အမျိုးသားရေးပါတီ Vatan Party ၏ လူငယ်အဖွဲ့တစ်ခုဖြစ်သည့် တုကီယေးလူငယ်သမဂ္ဂ (TGB) အဖွဲ့ဝင်များက ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Izmir ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပြောဆိုသည်။

တိုက်ခိုက်မှုဖြစ်ရပ်ကို မြင်လိုက်သော အမေရိကန်စစ်သား ငါးဦးက ရန်ပွဲထဲဝင်လာသဖြင့် ရဲတပ်ဖွဲ့က ၄င်းတို့ကို တားဆီးခဲ့ရသည်။ အခင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တိုက်ခိုက်သူ ၁၅ ဦးကို ထိန်းသိမ်းခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု လုပ်နေပြီဖြစ်ကြောင်း အထက်ပါရုံးက ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဝါရှင်တန်အနေဖြင့် စိုးရိမ်ပူပန်ခဲ့ရသော်လည်း အဆိုပါ ဖြစ်ရပ်ကို ရဲတပ်ဖွဲ့က အလေးအနက်ထား ကိုင်တွယ်ကာ ကျူးလွန်သူများကို တာဝန်ခံစေသည့် အတွက် ကျေးဇူးတင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

တုကီယေး ရှိ အမေရိကန်သံရုံးကလည်း ယင်းဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး လက်ရှိတွင် အမေရိကန်စစ်သားများသည် လုံခြုံဘေးကင်းစွာ ရှိနေသည်ဟု ေပြာသည်။

တိုက်ခိုက်ခံရသော အမေရိကန်စစ်သားများသည် အမေရိကန် ဘက်စုံသုံးတိုက်ခိုက်ရေးသင်္ဘော USS Wasp မှ ဖြစ်သည်ဟု TGB အဖွဲ့က ပြောဆိုသည်။ ယင်းသင်္ဘောသည် ယခုသီတင်းပတ်က Izmir ပြည်နယ် ကမ်းရိုးတန်းမြို့ အေဂျီယန် ဆိပ်ကမ်းသို့ အလည်အပတ်ရောက်ရှိနေသော သင်္ဘောဖြစ်သည်ဟု အန်ကာရာရှိ အမေရိကန်သံရုံးက တနင်္လာနေ့အစောပိုင်းတွင် ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ စစ်သားတွေနဲ့ ပါလက်စတိုင်းထောင်ပေါင်းများစွာရဲ့ သွေး တွေ စွန်းနေတဲ့ အမေရိကန်စစ်သားတွေရဲ့ လက်တွေ နဲ့ကျွန်တော်တို့နိုင်ငံကို ညစ်ပေအောင် မလုပ်နိုင်စေရဘူး။ ဒီမြေကို ဒင်းတို့ခြေချလာတိုင်း ဒင်းတို့နဲ့ ထိုက်တန်တာမျိုးနဲ့ တွေ့စေရမယ်” ဟု TGB က ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here