ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်ဖို့လိုသည်ဟု နစက ဥက္ကဌပြောကြား

0
52

ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင်ဆောင်ရွက်ကြရန်၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှု အပိုင်းများတွင်ပါ စနစ်တကျရှိရန်၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခုဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန်လိုကြောင်းနှင့် အညစ်အကြေးစွန့်သည့် စနစ်များကိုလည်း အနံအသက်များကင်းရှင်းစေရေးဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ စက်တင်ဘာ (၃)ရက် ညနေပိုင်းတွင် နစက ဥက္ကဌအနေဖြင့် တောင်ကြီးမြို့ရှိ နှစ်ပေါင်း (၆၇)ကြာပြီဖြစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထိုသို့ မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်လိုကြောင်း၊ ဆေးရုံသို့လာရောက်ကုသသည့်ပြည်သူများအနေဖြင့် မိမိတို့ဆေးရုံသို့လာရောက်ချိန်တွင် အားကိုးသည့် စိတ်များဖြစ်ပေါ်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဆိုသည်။

ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရာတွင်လည်း ကောင်းမွန်စွာဖြင့်ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်းနှင့် ဆေးရုံတက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရများရရှိစေရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့သည်။

အဆိုပါ ဆေးရုံကြီး စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်(၂၀၀ )ဆံ့ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၁၆) ရက်တွင် ခုတင် (၅၀၀) ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

စဝ်စံထွန်းဆေးရုံကြီးကို (၁၉၅၇) ခုနှစ်တွင် ဝန်ထမ်းတပ်မဟာအမှတ်(၁)
(Rehabilitation Brigade No.1)မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc
Engineering) က ဦးဆောင်၍
ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူပူးပေါင်းဆောင်ရွက်မှုဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စဝ်စံထွန်းဆေးရုံကြီးအဆောက်အဦးအားလုံးအတွက် ငွေကျပ်သိန်း (၄၀) ကုန်ကျခဲ့ပြီး (၁၉၆၁) ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒေါက်တာစဝ်နော်ခမ်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here