စင်ကာပူတွင် ဂရမ် ၂၅၀ ထက်ပိုလေးသော ဒရုန်းများ ‘ဒစ်ဂျစ်တယ်လိုင်စင်ပြား’မဖြစ်မနေလုပ်ရတော့မည်

0
195

စင်ကာပူနိုင်ငံတွင် အလေးချိန် ၂၅၀ ဂရမ်ထက်ပိုလေးသည့် ဒရုန်းများကဲ့သို့သော မောင်းသူမဲ့လေယာဉ်(UA) အသုံးပြုသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ “ဒစ်ဂျစ်တယ်လိုင်စင်ပြားများ” မဖြစ်မနေပြုလုပ်ရမည်ဖြစ်ကြောင်း စင်ကာပူ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(CAAS) က စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ ဤအစီအစဉ်သည် စင်ကာပူရှိ လေကြောင်းနှင့် အများပြည်သူ ဘေးကင်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းကိုလည်း CAAS ကရှင်းလင်းပြောကြားခဲ့သည်။

ဒရုန်းများ ပျံသန်းနေစဉ်၊ Broadcast Remote Identification(B-RID)ဟု လူသိများသော ဒစ်ဂျစ်တယ်လိုင်စင်ပြားက ဒရုန်း၏ တည်နေရာ၊ ပျံသန်းမှုအချက်အလက်များ၊ ဒရုန်း၏ အနေအထား အစရှိသည့် အချက်အလက်များကို ဒရုန်းမောင်းနှင့်နေသူနှင့် သက်ဆိုင်ရာဌာနများဆီသို့ ပေးပို့နေမည်ဖြစ်သည်။ B-RID သည် ဒရုန်း ၏အနေအထား၊ အမှတ်စဉ်နံပါတ်နှင့် အော်ပရေတာ၏သက်သေခံရည်ညွှန်းနံပါတ်ကဲ့သို့သော အချက်အလက်များကို မျှဝေရန် Wi-Fi နှင့် Bluetooth နည်းပညာကို အသုံးပြုသည်။

ဒရုန်းပျံသန်းနေစဉ် FlyItSafe မိုဘိုင်းအက်ပ်ကိုအသုံးပြုရမည်ဖြစ်ပြီး ယင်း အပလီကေးရှင်းက ဒရုန်းကိုကိုင်တွင်မောင်းနှင်နေသည့် အော်ပရေတာအား ခွင့်ပြုထားသောနေရာများအတွင်း၌ ရှိနေကြောင်းနှင့် ခွင့်မပြုသောဇုန်များသို့ မရည်ရွယ်ဘဲရောက်ရှိနေခြင်းကိုလည်း ပြန်လည်သတိပေးမည်ဖြစ်သည်။

သို့ရာတွင် အိမ်တွင်း သို့မဟုတ် အလုံပိတ်ထားသော နေရာမျိုးတွင် ဒရုန်းပျံသန်းမည်ဆိုလျှင်မူ B-RID ဒစ်ဂျစ်တယ်လိုင်စင်ပြား မလိုအပ်ပဲ အများသူငါ သွားလာသော နေရာများတွင် ပျံသန်းမည့်ဒရုန်းများမှာမူ ဒစ်ဂျစ်တယ်လိုင်စင်ပြား မဖြစ်မနေတပ်ရမည်ဖြစ်ကြောင်း CAAS မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here