စက်သုံးဆီဈေး ထပ်မံမြင့်တက်လာ

0
309

ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့၏ စက်သုံးဆီစျေးသည် ယနေ့ စက်တင်ဘာ ၆ရက် စက်သုံးဆီ ရည်ညွှန်းလက်လီဈေး၌ ကျပ် တစ်လီတာလျှင် ကျပ် ၁၀၀ နီးပါး ထပ်မံမြင့်တက်လာကာ ဓာတ်ဆီ တလီတာလျှင် ၃၂၀၀ နီးပါး ဖြစ်လာသည်ကိုစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် ယနေ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးသည် အောက်တိန်း 92 တစ်လီတာလျှင် ၃၂၁၅ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၃၃၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၇၁၀ကျပ် နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာလျှင် ၃၃၉၅ ကျပ် ဖြစ်လာသည်။

ထိုဈေးနှုန်းများသည် ယခင်နေ့များက ဈေးနှုန်းများနှင့်ယှဉ်လျှင် အောက်တိန်း 92 နှင့် 95 တစ်လီတာဈေးသည် ကျပ် ၁၁၅ကျပ် မြင့်တက်လာကာ ရိုးရိုးဒီဇယ်ဈေးသည် ၅၅ကျပ် မြင့်တက်သလိူ ပရီမီယံဒီဇယ်ဈေးသည်လည်း ယခင်နေ့များထက် ၁၀၀ကျပ် မြင့်တက်လာသည်။

စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိမှုသည် ယနေ့အထိ အကန့်အသတ်ဖြင့် ဖြစ်နေဆဲဖြစ်ကာ အများဆုံးအားဖြင့် ငွေကျပ် ငါးသောင်းဖိုးသာ ရောင်းချပေးနိုင်ကြောင်း စက်သုံးဆီဆိုင် တာဝန်ခံတစ်ဦးကလည်း ပေါ်ပြူလာနယူးကို ပြောသည်။

“အရင်က ကားကြီးဆို တစ်သိန်းရောင်းပေးနိုင််တယ်၊ အခု ကားကြီးရော ကားသေးရော ငါးသောင်းပဲ ရောင်းပေးနိုင်တယ်” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

ထို့အပြင် စက်သုံးဆီဆိုင်များတွင် ယခင်က တရက်တာလျှင် အောက်တိန်း 92 နှင့် 95 ဆီဘောက်ဆာခေါ် ဆီသယ်ယာဉ်များ နေ့စဉ်ဝင်ရောက်သော်လည်း လက်ရှိတွင် စက်သုံးဆီဆိုင်အများစု၌ အောက်တိန်း 92 ကိုသာ အကန့်အသတ်ဖြင့် ရောင်းချနေရသည်။

“အရင်တုန်းက နှစ်စီးလုံးတရက်တည်းဝင်တယ်။ အခုက 95 ဘောက်ဆာ မဝင်တာ တပတ်လောက်ပြည့်တော့မယ်။ 92 ပဲရှိတယ်၊ 92 ရော ဒီဇယ်တွေရော အကန့်သတ်နဲ့ရောင်းနေရတယ်” ဟု သူက ရှင်းပြသည်။

“95 က နေရာတိုင်းမရတော့ 92 ကို booster ထည့်သုံးနေရပါတယ်၊ မက်ခရိုနားက ဆီဆိုင်မှာ တော့ 95 ရတတ်ပါတယ်၊ ဆီစျေး တက်လာတော့ အရင်လို ၅သောင်းဖိုးထည့်ပေမယ့် ဆီဂိတ်ကတော့ အရင်လို ဘယ်တက်တော့မလဲ”ဟု ကားဆရာတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

စက်သုံးဆီဝယ်ယူအသုံးပြုကြသူများကလည်း ယနေ့ စက်သုံးဆီစျေး တစ်ရာကျော်နီးပါးမြင့်တက်သွားသော်လည်း အသုံးပြုရန် ဝယ်ယူနေရမည်ဖြစ်ကာစက်သုံးဆီမပြတ်လပ်ဘဲ မှောင်ခိုစျေးကွက် မဖြစ်ရန်သာ လိုသည်ဟု ပြောသည်။

“ဆီကို စျေးတက်တာ လက်ခံပါတယ်၊သွင်းနေတဲ့သူတွေရဲ့ဒုက္ခတွေလည်းကြားနေရတာကိုး၊ ဆီပြတ်ပြီး မှောင်ခို စျေး ဖြစ်လာတာကိုတော့ မကြိုက်ကြတာ များတယ်” ဟု စက်သုံးဆီ ဝယ်ယူ အသုံးပြုသူ စက်မှုဇုံမှလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here