မလေးရှားတွင် အလုပ်ရှာရန် ကြိုးစားသည့် အထောက်အထားမဲ့ မြန်မာများကို ထိုင်းအာဏာပိုင်များဖမ်းဆီး

0
201

ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံတွင် အလုပ်ရှာရန် ကြိုးစားကာ မလေးရှားကိုသွားသည့် အထောက်အထားမဲ့ မြန်မာ ၁၅ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုင်းဒေသအာဏာပိုင်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ အဝေးပြေးလမ်းရဲအရာရှိများက အလုံပိတ်ကားတစ်စီးကို စစ်ဆေးစဉ် ထိုင်းယာဉ်မောင်းနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးခံလိုက်ရသည့် မြန်မာနိုင်ငံသားများကို ထိုင်းယာဉ်မောင်းက တစ်ဦးလျှင် ဘတ် ၈၀၀ ဖြင့် လိုက်လံပို့ဆောင်ခြင်းဖြစ်ကာ ထိုင်းတောင်ပိုင်းမှတစ်ဆင့် မလေးရှားကို သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းရရှိထား၍ စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများတွင် ကလေ-းတစ်ဦးအပါအဝင် မြန်မာအမျိုးသမီး သုံးဦးနှင့် အမျိုးသား ၁၂ ဦးတို့ ပါဝင်ပြီး ထိုင်းနိုင်ငံကို အထောက်ထားမဲ့ဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် သိန်း ငါးဆယ်ကျပ် ပွဲစားကို ပေးခဲ့ရသေးပြီး လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူရန် ပြင်ဆင်နေသည်ဟု သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း၌ ရက်ပေါင်း ၁၂၀ စီမံချက်ကာလဖြင့် အထောက်ထားမဲ့ နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူနေရာ မြန်မာအလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံရကာ မြန်မာ အလုပ်သမား ၉၁၄ ဦး အရေးယူခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များမှ သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit )မရှိသည့်အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကိုလုပ်ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူအလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဖြစ်သည်ဟု သိရသည်။

ထိုနည်းတူ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ်အများဆုံး၁ နှစ် နှင့် ဘတ်ငွေ ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် ၃ နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here