သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်တန်ဖိုး ကျပ်သိန်း ၉၄၀၀ ကျော်နှင့် ကုန်စည်တင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

0
141

တာဝန်သိ ပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ဩဂုတ်လအတွင်း သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း အမျိုး (၆၀) အပါအဝင် တရားမဝင်ကုန်စည် ခန့်မှန်းတန်ဖိုးကျပ် (၉၄၂) ဒသမ (၀၇၅) သန်းနှင့် အဆိုပါ ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်၊ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လအတွင်း သတင်းရရှိမှု (၄၄) ကြိမ် ရှိခဲ့ပြီး သတင်းမှား (၂) ကြိမ်၊ နောက်ကျသတင်း (၁)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၄၁) ကြိမ် ဖြစ်သည်။

ထိုသို့ဖမ်းဆီးရမိမှုများကို အမှုတွဲ (၆၁) မှု ဖွင့်လှစ်ထားပြီး သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၉၄၂) ဒသမ (၀၇၅) သန်း၏ (၂၀) ရာခိုင်နှုန်းဖြစ်သော ငွေကျပ် (၁၈၈) ဒသမ (၄၁၅) သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဟု သိရသည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

သက်ဆိုင်ရာ ဌာနများမှလည်း မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်သိပြည်သူများအနေဖြင့်လည်း ထပ်မံပြီး တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ ဖုန်း – ၀၉၄၀၄၃၃၉၉၆၉၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုမှာ အလွန်အရေးပါလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here