Mpox ရောဂါ နိုင်ငံတကာ ဂိတ်ပေါက်များမှ တဆင့် ပြည်တွင်းမကူးစက်ရေးစီစဉ်နေ

0
126

Mpox ရောဂါကို နိုင်ငံတကာ အဝင်ဂိတ်ပေါက်များမှ မြန်မာပြည်တွင်းသို့ လာရောက်သည့် ခရီးသည်များမှ တစ်ဆင့် ကူးစက်ဖြစ်ပွားမှု မရှိစေရေး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် စနစ်တကျ ပူးပေါင်းစီစဉ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်သည့်အစည်းအဝေးကို စက်တင်ဘာ (၅)ရက် (၉) နာရီက မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar CDC) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mpox ရောဂါသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါမဟုတ်ဘဲ ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှသာ ကူးစက်နိုင်သည့် ရောဂါဖြစ်ပြီး၊ ရောဂါဖြစ်ပွားနိုင်သည့် လူအုပ်စု (Special targeted group) များအလိုက် အသိပညာပေးကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအနေဖြင့် ကျေးလက်ဒေသများရှိ ကျန်းမာရေးဌာနများအထိ ဆေးဝါးများနှင့် ပစ္စည်းကိရိယာများကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

Mpox ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ 


LEAVE A REPLY

Please enter your comment!
Please enter your name here