မြန်မာနိုင်ငံ ဒေသတချို့၌ မိုးကြီး၍ လေပြင်းတိုက်မည့်အခြေနေများ ဖြစ်ပေါ်လာနိုင်

0
87

မြန်မာနိုင်ငံအတွင်းရှိ ဒေသတချို့၌ မိုးကြီး၍ လေပြင်းတိုက်မည့်အခြေနေများ ဖြစ်ပေါ်လာနိုင်ရာ ကုန်းမြင့်ဒေသအနီးနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ မိုးလေဝသဖြစ်စဉ်များကို သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် အသိပေးလိုက်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ (၅)ရက် ည(၆)နာရီခွဲအချိန် ထုတ်ပြန်ချက်တွင် တောင်တရုတ် ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂိ”(YAGI)သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ပြီးနောက် အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာမည်ဖြစ်သည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်လည်းရှိနေပြန်သည်။

ထို့ကြောင့် လာမည့် စက်တင်ဘာ (၈) ရက်မှ စက်တင်ဘာ (၁၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ၊ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here