ပြည်ပရောက်အလုပ်သမားများ တရားဝင်ငွေလွှဲလမ်းကြောင်းမှ ငွေလွှဲပို့ခြင်းမရှိပါက ကန့်သတ်အရေးယူမည်

0
150

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား တစ်လလျှင်တစ်ကြိမ် (သို့) ၃ လလျှင် ၁ ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်ပရောက်အလုပ်သမားများသည် ငွေလွှဲပြောင်းရာ၌ မိမိ၏ မိသားစုဝင်ထံများသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့်ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ လွှဲပြောင်းပေးပို့ရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် မိသားစုဝင်များ အနေဖြင့် တရားဝင်လွှဲပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သိမ်းဆည်းထားရမည်ဖြစ်ပြီး ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေအဖြစ် အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများသည် မိမိတို့စေလွှတ်ခဲ့သည့် အလုပ်သမားများ၏ ငွေလွှဲပို့ရေး လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေး ကူညီပေးရမည့်အပြင် ငွေလွှဲအထောက်အထား မိတ္တူများရယူ၍ လစဉ်လွှဲပို့သည့် အထောက်အထားများကို လချုပ်အဖြစ် အလုပ်သမားဝန်ကြီးဌာနသို့ မပျက်မကွက် တင်ပြရမည်ဖြစ်သည်။

” MoU စနစ်နဲ့တော့ အလုပ်သမားတွေက သွားကြတာမှန်တယ်။ ဒါပေမဲ့ ဟိုရောက်ရင် သူတို့က ကိုယ့်ဘာသာအလုပ်ပြောင်းသွားကြတာတွေရှိတယ်။ အဆက်အသွယ်လုပ်မရတယ့် အလုပ်သမားတွေလည်း ရှိတယ်။ သွားတုန်းကတော့ အေဂျင်စီနဲ့ပဲ။ ဟိုဘက်ရောက်မှအလုပ်သမားတွေက သူ့ဟာနဲ့သူရွှေ့ပြောင်းနေကြတော့ မလွယ်ဘူး”ဟု ထိုင်းသို့အလုပ်သမားစေလွှတ်သည့် အေဂျင်စီတစ်ခုမှ ‌တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို လအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းစသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် မိသားစုလွှဲပို့ငွေများကို တရားမဝင်ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်းပေးပို့ခြင်းမပြုကြရန်နှင့် တရားဝင်လမ်းကြောင်းများမှသာ လွှဲပြောင်းပေးပို့ကြရမည်ဟု ထပ်မံသတိပေးထားသည်။

” အပြင်ကနေပဲ ငွေလွှဲပို့ဖြစ်တာ များတယ်။ ဒီမှာက တနေကုန်အလုပ်လုပ်ရတယ်၊ညမိုးချုပ်မှအလုပ်ကဆင်းတော့ ဘဏ်တွေက ပိတ်နေပြီ။ အဲဒီတော့ အဆင်ပြေတဲ့ငွေလမ်းကြောင်းကနေပဲလွှဲရတာများတယ်၊ တရားဝင်လမ်းကြောင်းကနေငွေလွှဲရမယ်ဆိုတာကအခက်ခဲေလးတွေရှိပါတယ်”ဟု ထိုင်းရောက်‌မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောသည်။

ပြင်ပပေါက်စျေးထက် အနည်းငယ်ပိုပေးခဲ့သော အချိန်က ရွှေ့ပြောင်းလုပ်သားများမှ ပြည်တွင်းသို့ လွှဲပို့ငွေသည် တလ ထဲပင် ဘတ်သန်း ၈၀၀ ကျော်ခဲ့ဖူးသည့်မှတ်တမ်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here