သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း ဆန်များကိုရောင်းချပေးနေဟု MRF ထုတ်ပြန်

0
68

သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်များကိုရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

သတ်မှတ်ရည်ညွှန်းဈေးဖြင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့ကြီးများ၌ ဈေးအရောင်းစင်တာများ၊ စူပါမားကတ်များ၊ မီနီမားကတ်များတွင် ရောင်းချပေးနေကြောင်း သိရသည်။

အသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ၁၀ ကီလိုအိတ်၊ ၅ ကီလိုအိတ်များဖြင့် စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့များသို့ ဖြန့်ဖြူးပေးခြင်း၊ လက်လီဆိုင်များမှတစ်ဆင့် ဈေးကွက်အတွင်း ပေးပို့ရောင်းချခြင်း ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ တို့တွင် ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် မြို့နယ်အလိုက် ဆန်ဆိုင်များ ခွဲဝေတာဝန်ပေးပြီး၊ အဆိုပါ မြို့နယ်ရှိ ဆန်ဆိုင်များမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အနီးတဝိုက်ရှိ အိမ်ထောင်စုများထံ Cash on Delivery (ပစ္စည်းရောက် ငွေချေ) စနစ်ဖြင့် အိမ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံးသူ မိဘပြည်သူများအနေဖြင့် ဝယ်ယူရန် အခက်အခဲရှိလျှင်ဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းထက် ပို၍ရောင်းချမှုကို ကြုံတွေ့လျှင် ဖြစ်စေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းများ ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉- ၄၀၀၀၆၇၂၆၀၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်အကြောင်းကြားရန် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here