ပုဂံနယ်မြေရှိ ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များအား ရှင်းလင်းလိုက်ပြီ

0
62

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွင် ဘုရားအစုအဝေးများရှိပြီး ကန္တာရတောထူထပ်သည့် နေရာများတွင် ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များအား ရှင်းလင်းပြီးဖြစ်ရာ ဘုရားဖူးများ မြင်ကွင်းကျယ်အနေအထားဖြင့် ကြည့်ရှုဖူးမြော်နိုင်ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ပုံဂံဒေသတွင် ကန္တာရတောအင်မတန်ထူထပ်သည့် ဓမ္မရာဇကဘုရားကြီးမြောက်ဘက်တစ်လျှောက်၊ မလုံးဖြစ်၊ မလာဖြစ်၊ လက်ပွတ်ကန်ဘုရားပတ်ဝန်းကျင်တို့တွင်ပါ ဘုရားဖူးခရီးသွားများ လာရောက်ဖူးမြော်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရားအစုအဝေးများရှိသည့် ခေမင်္ဂဘုရားအစုအဝေး၊ ဆူးလေကုန်းဘုရားအစု၊ ဝတ္ထနတောဘုရားစု၊ ရင်မနားဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ အပါယ်ရတနာဘုရားစု၊ နဂါးရုံဘုရားတောင်ဘက်ဘုရားစု၊ ဓမ္မရာဇကဘုရားမြောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ ဘုရားစုများ၊ ရွှေနန်းရင်တောဘုရားစုများနှင့် အုတ်ကျောင်းတိုက်အစုအဝေးများကို ရှင်းရှင်းလင်းလင်းဖူးတွေ့နိုင်အောင် မြင်ကွင်းကျယ်အနေအထားမျိုးဖြင့် ဖူးတွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှင်းလင်းရာတွင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကန္တာရပင်များ၊ သစ်ပင်ချုံနွယ်များအား ညောင်ဦးခရိုင်/မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၏ စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်မှု၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ သန့်ရှင်းရေးဌာနစိတ်မှ သန့်ရှင်းရေးပြုလုပ်မှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် Bagan Plastic Campaign အဖွဲ့သားတို့၏ စုပေါင်းအားဖြင့် ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးခရီးသွားဧည့်သည်များအနေဖြင့် စနေ၊ တနင်္ဂနွေနေ့များနှင့် အဖိတ်၊ ဥပုသ်နေ့များတွင် ဘုရားဖူးပိုမိုဝင်ရောက်လည်ပတ်လျက်ရှိ​နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here