အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့်ပြီးဆုံးသွားသော်လည်း ပြောင်းဈေးမြင့်နေဆဲ

0
251

ဖေဖော်ဝါရီ (၁) ရက်မှ ဩဂုတ် (၃၁) ရက်အထိ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့်ပြီးဆုံးသွားသော်လည်း ပြောင်းဈေးမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ပြောင်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ မြန်မာ့ပြောင်း ဆက်လက်တင်ပို့သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

” ထိုင်းကတော့ အခွန်ကင်းလွတ်ခွင့်ကာလမှာပဲတင်ပို့တယ်။ အရင်နှစ်တွေတုန်းကဆိုရင် ထိုင်းတင်ပို့မှုပြီးသွားရင် ပြောင်းဈေးကကျသွားတယ်။ ဒီနှစ်ကတော့ တခြားနိုင်ငံတွေကလည်း ပြောင်းဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားတာတွေရှိတယ်။ ပြည်တွင်းအစာစက်တွေရှိတယ်။ ဒါကြောင့်ဈေးကမကျဘဲနဲ့ မြင့်နေတာပေါ့” ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

ပြည်တွင်း ပြောင်းထွက်ရှိမှု လျော့ကျခဲ့ပေသော်လည်း ပြည်ပဝယ်လိုအား ဆက်ရှိနေပြီး ပြည်တွင်း မွေးမြူရေး အစာစက်ရုံများ၏ ပုံမှန်ဝယ်ယူမှုများလည်း ရှိနေခြင်းကြောင့် ပြောင်းဈေး ဆက်ကောင်းနိုင်ကြောင်း သိရသည်။

ရန်ကုန်ဈေးကွက်တွင် ပြောင်းဆန် ၁ ပိဿာ ငွေကျပ် ၁,၃၀၀ အောက်မှာ ရှိခဲ့ရာမှ လက်ရှိတွင် ၁ ပိဿာ ၁,၇၅၀ ကျပ်အထိ မြင့်တက်နေကြောင်း ၊ နိုင်ငံခြား သင်္ဘောတင် FOB ပေါက်ဈေးသည် ၁ တန်ကို အမေရိကန် ဒေါ်လာ ၂၇၀ မှ ၂၈၀ ကြား ရှိကြောင်း သိရသည်။

ယခုနှစ်တွင်နယ်မြေမတည်ငြိမ်မှုကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ကတဆင့် ပြောင်းတင်ပို့မှု မရှိသလောက် ဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ရန်ကုန်-ကော့သောင်း-ရနောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေတဆင့် ပြောင်းလဲတင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း‌ပြောင်းထွက်ရှိမှုအနေဖြင့် တနှစ်လျှင် ပျမ်းမျှ တန်ချိန် ၂ သန်းမှ ၃ သန်းအကြားရှိပြီး ယခုနှစ်ရာသီတွင် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here