သန်းခေါင်စာရင်းလုပ်ငန်းစဉ်တွင် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုမဖြစ်မနေလိုအပ်ဟု နစက ဒု-ဥက္ကဋ္ဌ ပြောကြား

0
101

သန်းခေါင်စာရင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်၍ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုမဖြစ်မနေလိုအပ်သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

၎င်းကယနေ့ စက်တင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် (၂၄)ရက်သာ ကျန်ရှိကာ သန်းခေါင်စာရင်းကောက်ယူရမည့် ကာလအား အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ(၁၅)ရက်သတ်မှတ်ထား၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ရနိုင်သမျှအပြီးကောက်ယူရမည်ဟု ပြောသည်။

ထိုသို့ ကောက်ယူရာ၌ လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့်ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများကတင်ပြဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်သည်ဟု ပြောသည်။

” သန်းခေါင်စာရင်းလုပ်ငန်းဟာ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း မဖြစ်မနေလိုအပ်တာကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြေပြင်မှာအခက်အခဲတွေ စိန်ခေါ်မှုတွေကို မလွဲမသွေကြုံတွေ့ရမှာပါ။ အဲဒီအခြေအနေတွေကို ပါဝင်ဆောင်ရွက်ကြမယ့်တာဝန်ရှိသူတွေ ပြည်သူတွေက ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားကြရပါမယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ထို့ပြင် တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များသည် နစက၏ အန္တိမရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာ၌ နိုင်ငံတကာအကူအညီမပါသဖြင့် မိမိတို့၏ ကိုယ်ပိုင်အင်အားနှင့်စွမ်းဆောင်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းလက်တွဲဆောင်ရွက်ကြရမည်ဟုလည်း ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here