ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ မပြနိုင်သည့် အေဂျင်စီ ၁၄၀ကျော် အရေးယူခံရ

0
151

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ၁၄၀ ကျော်ကို အရေးယူထားကြောင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်၌ မိသားစုလွှဲပို့ငွေစာရင်းနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်ခဲ့သည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကိုစစ်ဆေးခဲ့ရာ စစ်ဆေးခံရန် ပျက်ကွက်သည့် အေဂျင်စီ ၈ ခု ၊ အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီ ၇၁ ခုနှင့် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီစွာ အထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။

အေဂျင်စီမှ စေလွှတ်ခဲ့သည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% အား တစ်လလျှင်တစ်ကြိမ် (သို့) ၃ လလျှင် ၁ ကြိမ် တရားဝင်ငွေလွှဲလမ်းကြောင်းမှ လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

” MoU စနစ်နဲ့တော့ အလုပ်သမားတွေက သွားကြတာမှန်တယ်။ ဒါပေမဲ့ ဟိုရောက်ရင် သူတို့က ကိုယ့်ဘာသာအလုပ်ပြောင်းသွားကြတာတွေရှိတယ်။ အဆက်အသွယ်လုပ်မရတယ့် အလုပ်သမားတွေလည်း ရှိတယ်။ သွားတုန်းကတော့ အေဂျင်စီနဲ့ပဲ။ ဟိုဘက်ရောက်မှအလုပ်သမားတွေက သူ့ဟာနဲ့သူရွှေ့ပြောင်းနေကြတော့ မလွယ်ဘူး”ဟု ထိုင်းသို့အလုပ်သမားစေလွှတ်သည့် အေဂျင်စီတစ်ခုမှ ‌တာဝန်ရှိသူတစ်ဦးက လက်ရှိအခြေအနေအပေါ်ပြူလာနယူးစ်သို့ပြောသည်။

လက်ရှိတွင် ပြည်ပရောက်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် အေဂျင်စီများကို ပြည်ပကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ဆိုင်းငံ့ခြင်း၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့ခြင်းနှင့် ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းခြင်း စသည့် အရေးယူမှုများ ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

အရေးယူခံရသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီလျှင် စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုနည်းတူ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို လအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းစသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here