မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရရှိထား

0
154

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလ (၁) ရက်နေ့မှ ဩဂုတ်လ (၁၆) ရက်နေ့အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအနေဖြင့်ကန်ဒေါ်လာ သန်း ၁၁၅၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ပို့ကုန် အမေရိကန်ဒေါ်လာ (၉၆၀)သန်းကျော်ရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ သန်း(၁၉၀)ကျော်ရှိကာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း(၁၁၅၀)ကျော်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် တိုက်ပွဲများကြောင့်အပါအဝင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်ဆီးခြင်း၊ မကြာခဏလမ်းပိတ်ခြင်းတို့ကြောင့်ယမန်နှစ်ထက် ကုန်သွယ်မှုသိသိသာသာလျော့ကျခဲ့ကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။

” မြဝတီက ကုန်အဝင်အထွက်မရှိဘူး။ ပင်‌လယ်ရေကြောင်းကနေ ပြောင်းပြီးတင်သွင်းမယ်ဆိုရင်လည်း ကုန်ကျစရိတ်က ပိုကုန်နိုင်တယ်။ မြဝတီဘက်ကကုန်သည်တွေဆိုအခက်အခဲရှိတယ်။ ကိုယ်တွေဆိုထိုင်နေရတယ်။ ပွင့်လင်းရာသီရောက်မှပဲအဆင်ပြေမယ်”ဟုသွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကို ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ ထီးခီးနယ်စပ်သည် အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။

ယခုအခါ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုကိုဆောင်ရွက်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here