လားရှိုး-သီပေါကြားရှိ စဉ့်အင်တံတား ပြန်လည်ဖြတ်သန်းခွင့်ပြု

0
175

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် သီပေါကြား ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်
တံတားအား ယခုလ စက်တင် ဘာ(၅)ရက်မှစတင်၍ ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စဉ့်အင်တံတားမှာ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ၁၀၂၇ ပထမ အကျော့တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ပြီးနောက် (၉)လခန့် အကြာတွင် ပြန်လည်ပြုပြင်၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

” ဖြတ်သန်းခွင့်ပြုပါပြီ။ တံတားက ပြီးခဲ့တဲ့လကတည်းကပြီးနေပြီ။ တံတားခံနိုင်ရည်ကို စမ်းတဲ့အနေနဲ့ ကားလေးတွေအရင်ဖြတ်ခွင့်ပြုထားတယ်။ ကားကြီးတွေကို တန်ချိန်ပေါ်မူတည်ပြီး စမ်းလွှတ်နေတယ်။ စဉ့်အင် ဖောင်ဆိပ်ကလည်းပဲ ပုံမှန်ဖွင့်ထားပါတယ်။ တံတားကဖြတ်ခွင့်ပေးပြီဆိုတော့ မကသီတော့ဘူးပေါ့။ ခရီးလည်း တိုသွားတယ်။ ဖြတ်သန်းခွန်တော့ကောက်တာမရှိသေးပါဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ စဉ့်အင်တံတား မပြုပြင်ခင်အချိန်က ဒေသတွင်းခရီးသွားများအနေဖြင့် နမ့်လန်မှ ဆောင်ကြဲအထိ (၃)နာရီကြာ တောလမ်းများမှတစ်ဆင့် မောင်းနှင်ကြရပြီး ဆောင်ကြဲမှ ဟိုယ-နမ့်ပေါင်-လားရှိုးသို့ တစ်ကွေ့တစ်ပတ်သွားလာခဲ့ကြရကြောင်း သိရသည်။

ပြီးခဲ့သော ဇွန်လ(၂၅)ရက်က တစ်ကျော့ပြန်ဖြစ်ပွားလာသော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ တိုက်ပွဲကြောင့် ဒေသတွင်း ခရီးသွားယာဉ်များ ရပ်နားထားသည်များရှိသလို လမ်းပိုင်းအခြေအား ယနေ့အချိန် အထိ သတိထားသွားလာနေရသည့်အခြေအနေမျိုးများ ကြုံတွေ့ခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပထမဆုံးဖြစ်ပွါးခဲ့သည့်(၁၀၂၇)တိုက်ပွဲအတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျောက်မဲ – သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ပျက်စီးခဲ့ရ‌သည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here