မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အားသုံးစွဲခများ တိုးမြှင့်သတ်မှတ်ပြီးနောက် မီးလာချိန် ပိုမိုရရှိလာ

0
288

နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲခများကို တိုးမြှင့်သတ်မှတ်ပြီးနောက် မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးရရှိချိန် ပိုမိုများပြားလာခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

မန္တလေးမြို့တွင် ယခင်က လျှပ်စစ်ဓာတ်အားကို မြို့နယ်အလိုက် အုပ်စု(၃)စုခွဲကာ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးလျက်ရှိရာ တစ်ကြိမ်လျှင် (၄) နာရီ မီးလာပြီးနောက် အနည်းဆုံး (၈) နာရီမှ (၁၂) နာရီအထိ မီးပြတ်တောက်သည့် ပုံစံဖြင့် ဓါတ်အားဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ည (၈) နာရီမှ နောက်တစ်ရက် နံနက် (၄) နာရီ အထိ အုပ်စုကို တစ်ဆက်တည်း (၈)နာရီ လျှပ်စစ်မီး‌ပေးလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် လျှပ်စစ်မီး လာချိန်မှာ သိသိသာသာ ပိုမိုရရှိနေပြီး အချိန်စော၍ လာသည့်အခါရှိသလို လျှပ်စစ်မီးပြတ်ရမည့် အချိန် မပြတ်တောက်ဘဲ မီးရရှိနေကြောင်း ဒေသခံတို့ကဆိုသည်။

ထို့ပြင် ပုံမှန် ညနေ (၄) နာရီ ပြတ်တောက်သည့် လျှပ်စစ်မီးမှာ နောက်တစ်ရက် နံနက် (၄) နာရီမှ ပြန်လည်ရရှိမည်ဖြစ်သော်လည်း လက်ရှိ ရက်ပိုင်းများတွင် ညပိုင်းအချိန်များ၌ ပြန်လည် ရရှိနေကြောင်း လျှပ်စစ်မီးသုံးစွဲသူ မြို့ခံများထံမှ သိရသည်။

သို့သော် လျှပ်စစ်မီးရရှိချိန်တိုးလာသည်ကို လက်ခံ ကြိုဆိုသော်လည်း လျှပ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံထားသည့်အတွက် ချွေတာ၍ ပုံမှန်သာ အသုံးပြုကြကြောင်း မန္တလေးမြို့ခံတို့က ဆိုသည်။

လျှပ်စစ်ဓါတ်အားခနှုန်းထားများကို စက်တင်ဘာ (၁) ရက်မှစတင်၍ အိမ်သုံးများအတွက် ယခင်အများဆုံး ကျပ် ၁၂၅ မှ ယခုကျပ် ၃၀၀ အထိ၊ လုပ်ငန်းသုံးများအတွက် ယခင်အများဆုံး ကျပ် ၁၈၀ မှ ယခု ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကြေညာထားသည်။

အိမ်သုံးအမျိုးအစားများအတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အိမ်သုံးမဟုတ်သည့်အမျိုးအစား (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံး တစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာ ရုံးဌာန/ လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)အတွက် ၁ ယူနစ်မှ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနှစ်နှင့်အထက် ၅၀၀ ကျပ် ပြင်ဆင်သတ်မှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here