ရန်ကုန် – မန္တလေးအမြန်လမ်းတစ်လျှောက် ဖွံံ့ဖြိုးရေးလုပ်ငန်းတချို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိ

0
59

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် ပျက်စီးခဲ့သည့် ကြတ်ချောင်းတံတားပြုပြင်
ခြင်း၊ EV Charging Station တည်ဆောက်ခြင်း၊ လမ်းဟောင်းတွင် ကွက်လပ်ဖြစ်နေသည့် နေရာများ၌ ပျိုးပင်ကြီးများ အစားထိုးပြန်လည်စိုက်ပျိုးခြင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မိုင်တိုင် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားရှိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် ကြတ်ချောင်းတံတားအား လုံလောက်သည့် ရေလမ်းကြောင်းအကျယ် ချဲ့ပေးသွားမည်ဖြစ်ပြီး ပြိုကျနေသောအပိုင်းများကို RC နံရံအသစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တံတား၏ ရန်ကုန်ဘက်ကမ်း ကို ယာယီအစီအစဉ်ဖြင့် မျောရိုက် ဝါးကပ်ကာ သဲအိတ်ဖြည့်စီမြေကာနံရံဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေးလမ်းဟောင်း တောင်ငူ-ရေတာရှည် လမ်းပိုင်းနှင့် ရမည်းသင်း-ပျော်ဘွယ်လမ်းပိုင်း လမ်းဘေးဝဲ၊ ယာ၌ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့် နေရာများတွင် ပျိုးပင်ကြီးများ အစားထိုးပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အလားတူ လယ်ဝေး-ပျဉ်းမနားလမ်းပိုင်း လမ်းဘေးဝဲ၊ ယာ၌ ပေါင်းရှင်းခြင်း မိတ္ထီလာမြို့ရှောင်လမ်း လမ်းဘေး ဝဲ၊ ယာများ၌လည်း သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေအနေများကို ဆောက်လုပ်ရေး ဒု-ဝန်ကြီး ဦးဝင်းဖေ က စက်တင်ဘာ ၆ ရက်က စစ်ဆေးခဲ့သည်ဟုသိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၁၅ ရှိ ဖြူးတိုးလ်ဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းအတွင်း ရာဇာမင်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသည့် EV Charging Station ၊ အုတ်တွင်း မီနီတိုးလ်ဂိတ်နှင့် အုတ်တွင်း-တောင်ငူကြားရှိ ဟင်းငုတ်ပင်တိုးလ်ဂိတ်တို့ကိုလည်း စစ်ဆေးခဲ့သေးသည်။

ဒု-ဝန်ကြီးသည် BOT ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တည်ဆောက်နေသည့် BOT လမ်းပိုင်းများ နှစ်အလိုက်စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here