ယခင်လိုင်စင်ရရှိထားပြီးဖြစ်သည့် ဆေးဝါးများ ဆက်လက်တင်သွင်းနေ

0
134

ဈေးကွက်အတွင်း နာမည်ကြီးဆေးဝါးအချို့ ပြတ်လပ်နိုင်သော်လည်း ယခင်လိုင်စင်ရရှိထားပြီးဖြစ်သည့် ဆေးဝါးများတင်သွင်းနေသည့်အတွက် ဆေးဝါးများပြတ်လပ်နိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၉ လဆက်တိုက် ဆေးဝါးများအတွက် သွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့သည့်အတွက် ပြည်တွင်းဈေးကွက်၌ ဆေးဝါးများပြတ်လပ်မှုနှင့် ဈေးနှုန်းများမြင့်တက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ ပြည်ပမှဆေးဝါးတင်သွင်းရန်လိုင်စင်ချထားပေးမှုကို ယခုနှစ်တွင် ပြန်လည်ထုတ်ပေးခဲ့ရာ ဆေးဝါးအချို့ဈေးကွက်အတွင်းပြန်လည်ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

” နာမည်ကြီးဆေးတချို့ကတော့ ပြတ်ကောင်းပြတ်နိုင်တယ်။ ဒါပေမယ့် အလားသဏ္ဍန်တူတယ့်ဆေးတွေရှိတယ်။ သုံးစွဲသူပြည်သူတွေကလည်း ဒီဆေးဆို ဒီဆေးပဲ။ အရင်လိုင်စင်ချပေးထားတဲ့ဆေးတွေကတော့ဝင်နေပါတယ်။ ဆေးပြတ်တာမျိုးမဟုတ်ဘူး။ အလားသဏ္ဍန်တူတယ့်ဆေးတွေ ဝယ်ယူလို့ရပါတယ်”ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ထို့ပြင် ပြည်ပ ဆေးဝါးဝယ်ယူတင်သွင်းမှုကို ပို့ကုန်ရငွေတင်ပြနိုင်မှသာ ခွင့်ပြုမည်ဟု ကန့်သတ်လိုက်သလို လျှောက်ထားဆဲ ဆေးဝါးတင်သွင်းခွင့် လိုင်စင်များကိုလည်း ခွင့်ပြုခြင်း မရှိကြောင်း ဩဂုတ် ၂၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းတွင် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံ ၂၀၂၃ အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သည့် ဆေးကုမ္ပဏီ ၁၁၆ ခု၏ အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းတန်ဖိုးရှိ သွင်းကုန်လိုင်စင်လျှောက်လွှာများကိုလည်း အထက်ပါ မူဝါဒအသစ်ဖြင့် ပြန်လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

” အခုကတော့ စာလေးတစ်စောင်ပဲထွက်ထားသေးတာဆိုတော့ ပြောဖို့စောနေသေးတယ်။ နောက်ထပ်ညွှန်ကြားချက်တစ်စုံတစ်ရာထွက်လာတယ်ဆိုရင်တော့ ဘယ်ဟာတွေကအခက်အခဲရှိနိုင်လဲ၊အဆင်ပြေနိုင်လဲဆိုတာ ပြောလို့ရတယ်။ အခုမှကျွန်တော်တို့လည်း ဆွေးနွေးနေတုန်းပဲ”ဟု ၎င်းကဆက်လက်ရှင်းပြထားသည်။

” ဆေးနဲ့ပတ်သက်ပြီးတော့ထူးခြားတယ်။ Export လုပ်ပြီးသွားတာနဲ့  လိုင်စင်ကပ်လိုက်တာ ၊ဆေးအတွက်ကို လိုင်စင်ရသွားတယ်။ တခြားပို့ကုန်နဲ့ပတ်သက်တဲ့ ကုန်ကြမ်းတွေသွင်းခွင့်က ထူးခြားမှုမရှိသေးဘူး။ ဆေးကတော့ ထူးခြားမှုရှိတယ်လို့ပြောလို့ရတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

မြန်မာ့ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here